Wednesday, 23 January 2013

ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလိုလားသူ လမ်းလျောက်အဖွဲ့အား မြို့နယ်ရဲစခန်းရှစ်ခုမှ အမှုဖွင့်ထား




w1-23-13
ဇန်န၀ါရီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီးမှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူများကို  မင်္ဂလာဒုံမြို့နယ်အတွင်း တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးမှ ကချင်ပြည်နယ် လိုင်ဇာမြို့သို့  လမ်းလျောက်သည့် ငြိမ်းချမ်းရေးလိုလားသူအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ရဲစခန်းရှစ်ခုမှ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ငြိမ်းချမ်းရေးအတွက်   လမ်းလျောက်သူ ၂၂ ဦးခန့်နှင့် သံဃာ ၁၂ ပါး ပါဝင်သော ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်နေ့  နံနက် ၆ နာရီဝန်းကျင်ခန့်က ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံ မြောက်ဘက် ခြံစည်းရိုးအနီးမှ စတင် လမ်းလျောက်ခဲ့ကြသည်။
ယင်းနောက် ကျောက်တံတားမြို့နယ်မှ လှည်းကူးမြို့နယ် အတွင်းရှိ ရဲစခန်းရှစ်ခုမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ -၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သည့်အဖွဲ့မှာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ ခွင့်ပြုချက် မယူဘဲ ဆန္ဒပြ စီတန်းခြင်းကြောင့် ဥပဒေနှင့် မညီညွတ်ကြောင်း၊ သက်ဆိုင်ရာမှ တားမြစ်နေသော်လည်း ဒဂုန်တာရာ၏ ငြိမ်းချမ်းရေး သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ ငြိမ်းချမ်းရေးအလံများနှင့် ငြိမ်းချမ်းရေးစာတန်းများ ကိုင်ဆောင်၍ မဟာဗန္ဓုလပန်းခြံလမ်းမှ ပန်းဘဲတန်းမြို့နယ်သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ အမှုဖွင့်ထားသည့် အချက်အလက်များအရ သိရသည်။
အဆိုပါ အခြေအနေအပေါ် လမ်းလျောက်အဖွဲ့တွင် ပါဝင်သည့် ကိုဇင်ကိုမှ ''ကျွန်တော်တို့က ငြိမ်းချမ်းရေးကို ချစ်လို့၊ မြတ်နိုးလို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက်ရယ်၊ တိုင်းရင်းသားတွေ ခံစားနေရတဲ့ ဒုက္ခတွေအပေါ် အခြေခံပြီး ဒီလို လမ်းလျောက်ကြတာပါ။ စက်တင်ဘာ ၂၁ ရက်နေ့(အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့) တုန်းကလည်း  ကိုမိုးသွေးတို့ကို ဒီလိုပဲ အရေးယူပါတယ်။ ဒီလိုအရေးယူမှုတွေကြောင့် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို တကယ်ပဲမြတ်နိုးသလားဆိုတာကို ကျွန်တော် မေးခွန်းထုတ်ချင်ပါတယ် '' ဟု ပြောသည်။
''ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူတွေကို အမှုဖွင့်ထားတာ မှန်ပါတယ်။ ကျန်တာကိုတော့ ပြောပြလို့မရပါဘူး'' ဟု အလုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဇန်န၀ါရီ ၂၃ ရက် နံနက်ကမူ အဆိုပါ ငြိမ်းချမ်းရေး လိုလားသူ လမ်းလျောက်အဖွဲ့သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ငွေကျပ် ၁၀ သိန်းကို ပဲခူးမြို့၊ သီရိမင်္ဂလာတပ်ဦးကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါ နာရေးကူညီမှုအသင်း (ရန်ကုန်) မှပင်  အဆိုပါအဖွဲ့ ခရီးသွားရာတွင် လိုအပ်မည့် ဖိနပ်၊ ဦးထုပ်၊ ဆေးဝါးများနှင့် နေ့လယ်စာ ကျွေးမွေးခဲ့ကြောင်း သိရသည်။ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူများအဖွဲ့သည် ဇန်န၀ါရီ ၂၃ ရက်နေ့ ည နေ ၄ နာရီခန့်တွင် ပဲခူးမြို့နှင့် ဘုရားကြီးမြို့ အကြား  ရောက်ရှိနေပြီဖြစ်ကြောင်း ကိုဇင်ကိုက ပြောသည်။
EMG

No comments:

Post a Comment