Saturday, 19 January 2013

ဖားကန့်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်

KIO ဌာနချုပ်အနီးရှိ လဂျားယန်ဒေသကို သိမ်းယူခဲ့ပြီးနောက် လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့ပြီးနောက် ဖားကန့်ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။

ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်အတွင်းရှိ ကာမိုင်းရဲစခန်းကို KIA တပ်ဖွဲ့များမှ လာရောက် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။ ထို့အတွက်ကြောင့် ဖားကန့်မြို့နှင့် အနီးတ၀ိုက်တွင်လည်း တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။


''ဖားကန့်မှာ ဇန်န၀ါရီလ ၁၈ ရက်နေ့ ညပိုင်းက ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိပါတယ်။ ဘယ်သူက ဘယ်သူ့ကို ပစ်ခတ်တာလဲတော့ မသိပါဘူး။ ကံဆီးဆေးရုံဘက်မှာတော့ တိုက်ပွဲတွေဖြစ်တယ်လို့ ကြားတယ်။ ဆိုင်းတောင်ဘက်မှာလည်း ဖြစ်တယ်လို့ ကြားတယ်။ ဇန်န၀ါရီ လ ၁၉ ရက်နေ့အထိတော့ ဖားကန့် မြို့ အနီးတ၀ိုက်တော့ ဘာမှမဖြစ် သေးဘူး။ ကျေးရွာတွေမှာ ဘာဖြစ်နေလဲတော့ မသိရသေးပါဘူး''ဟု ဖားကန့်ဒေသခံ ဦးထုနော်က Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

''ကာမိုင်းရဲစခန်းကို ၀င်ရောက် တိုက်ခိုက်တဲ့အတွက် KIA နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲ ဖားကန့်ဘက်မှာ ဖြစ်လာမှာကို စိုးရိမ်ပါတယ်။ ကာမိုင်းက ဖားကန့်နဲ့ အလှမ်းဝေးတယ်ဆိုပေမဲ့ ဖားကန့်နဲ့နီးတဲ့ ကံဆီးမှာ KIA တပ်ရင်း(၆) ထိုင်ထားပါတယ်။ နောက် အစိုးရတပ်တွေ ထိုင်ထားတဲ့ ဗျူဟာကုန်းဘက်မှာလည်း တပ်အင်အား တိုးချဲ့ထားတယ်လို့ ကြားတဲ့အတွက် ဖားကန့်က ဒုတိယ လဂျားယန် ဖြစ်လာမှာကို စိုးရိမ်ပါတယ်''ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောပါသည်။

ဇန်န၀ါရီလ ၁၈ ရက်နေ့ညက ထုတ်ပြန်ခဲ့သော အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် လဂျားယန် ဒေသ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ရပ်ဆိုင်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် စစ်ဆင်ရေး လှုပ်ရှားမှုကို လဂျားယန်ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်း မဟုတ်ဘဲ ကချင်ဒေသအနှံ့ ထိုးစစ်ဆင် လှုပ်ရှားမှုများကို လျော့ချသင့်ကြောင်း KIO မှ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် အစိုးရ၏ သတင်း ထုတ်ပြန်ချက်မှ တစ်ဆင့် ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် မိမိကိုယ်မိမိ ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့် အချက်ကို တိကျစွာ လိုက်နာသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားသည်ဟု ဖော်ပြခဲ့သည်။

ဖားကန့်မြို့နှင့် ၁၀ မိုင်ကျော်ခန့် အကွာအဝေးတွင် ရှိနေသော ကံဆီးဘက်တွင် KIA တပ်ရင်း (၆) ၏ အခြေစိုက် စခန်းရှိပြီး အဆိုပါတပ်ရင်း (၆)ကို တပ်မဟာ (၆) အဖြစ် ပြောင်းလဲထားကြောင်း သိရသည်။
တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဖားကန့်ဒေသရှိ ကျောက်စိမ်း လုပ်ကွက်များနှင့် ကုမ္ပဏီများကို KIA မှ ထိန်းချုပ်ခဲ့ကြောင်း သိရသည်။ မကြာမီ အချိန်တွင် ပွင့်လင်းရာသီ ရောက်ရှိလာမည်ဖြစ်ပြီး ပွင့်လင်းရာသီကာလတွင် ပြုလုပ်လေ့ရှိသော ကျောက် မျက်ပွဲများကြောင့် ဖားကန့်ဒေသအတွင်း တပ်မတော်နှင့် KIA တို့ အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment