Saturday, 5 January 2013

ရွှေဂုံတိုင်မီးပွိုင့်အနီး ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးသို့ ထိုးဆင်းမှု ဖြစ်ပွား




ha-4-1-14
မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဆီဘောက်ဆာကားအား တွေ့ရစဉ်
ရွှေဂုံတိုင်မီးပွိုင်အနီး ဆီဘောက်ဆာယာဉ်တစ်စီးလမ်း ဘေးသို့ ထိုးဆင်းမှုတစ်ခု ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ တာမွေဘက်မှ ရွှေဂုံတိုင်ဘက်သို့မောင်းနှင်လာသော ဆီဘောက်ဆာယာဉ်တစ်စီးသည် ရွှေဂုံတိုင်မီးပွိုင့်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးဆင်းသွားသဖြင့် ရွှေဂုံတိုင်မီးပွိုင့်ရှိ တိုးဝါအလူမီနီယံနှင့် အိမ်အလှဆင်ဆိုင်ရှေ့ရှိ မီးစက်နှင့် သံဘောင်အချို့ကို ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။

ha-4-1-15
"ဆီဘောက်ဆာကားက အလေးချိန်နဲ့ဆိုတော့ မနိုင်မနင်းဖြစ်ပြီး လမ်းမပေါ် ကျော်တက်လာတာပါ။ ဘရိတ်ပေါက်သွားတာလို့တော့ ကားသမားက ပြောတာပဲ။ ပထမ သူ့ရှေ့က တက္ကစီကို တိုက်မိတော့မလို ဖြစ်သေးတယ်။ ဒါပေမယ့် ကားသမားက လမ်းဘေးကို ထိုးဆင်းလိုက်တော့ ရှေ့ကကားတွေကိုပါ ဆင့်ပြီးတိုက်မိမယ့် ဘေးကလွတ်သွားတာပေါ့။ တိုးဝါ အလူမီနီယမ်ဆိုင်ရှေ့က ဖြတ်သွားတဲ့ ကောင်လေးတစ်ယောက်ကိုလည်း တိုက်မိမလို ဖြစ်သွားပေမဲ့ မထိခိုက်မိခဲ့ပါဘူး။ ဆီဘောက်ဆာကားဆိုတော့ ကျွန်မတို့က မှောက်ပြီး မီးလောင်မှာကို စိုးရိမ်ခဲ့တာ" ဟု ရွှေဂုံတိုင်မီးပွိုင့်အနီးရှိ ဖြစ်စဉ်အား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မ၀င်းဝင်းသန့်က ပြောပြခဲ့သည်။
ha-4-1-16
"ကျွန်တော့်ကားကို ဖြည်းဖြည်းလေးပဲ မောင်းလာတာပါ။ ဘရိတ်ပေါက်နေတယ်ဆိုတာ သိသိချင်း ထိန်းပြီးမောင်းနေပေမယ့် ခုံးဆင်းဆိုတော့ ဘယ်လိုမှ ထိန်းလို့မရတော့လို့ လမ်းဘေးကို ဆွဲချလိုက်ရပါတယ်" ဟု ဆီဘောက်ဆာကားမောင်းနှင်သူက ပြောပြခဲ့သည်။
အဆိုပါ ဆီဘောက်ဆာကားသည် ဆီများစွာ တင်ဆောင်လာခြင်းမရှိဘဲ ဆီလက်ကျန် အနည်းငယ်သာ ပါဝင်ကြောင်း သိရသည်။
EMG

No comments:

Post a Comment