Friday, 2 November 2012

သံတွဲ ဗလီတခုတွင် လက်နက်များတွေ့ရှိသဖြင့် အမှုဖွင့်ထား

စနေလင်း| November 2, 2012 |

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ဗလီတခုတွင် ဘာသာရေးနှင့် မသက်ဆိုင်သော ဓား၊ လှံ၊ လေးခွနှင့် ဂျင်ဂလိများကို တွေ့ရှိခဲ့သောကြောင့် အဆိုပါဗလီမှ တာဝန်ရှိသူ ၄ ဦးကို အမှုဖွင့် အရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း သံတွဲမြို့ ရဲစခန်းမှ စုံစမ်းသိရသည်။

...“အခု အဲဒီ ဗလီ ဂေါပကအဖွဲ့က တာဝန်ရှိသူရယ်၊ ဘာသာရေး ဆရာရယ်၊ ညစောင့်ရယ် အပါအ၀င် လူ ၄ ဦးကို အမှုဖွင့်ထား လိုက်ပါပြီ။ ဘာသာရေးနဲ့ မသက်ဆိုင်တာတွေကို လက်ဝယ်ထားရှိတဲ့အတွက် ပြစ်မှုနံပါတ် ပ/ ၁၁၄/ ၂၀၁၂ နဲ့ အမှု ဖွင့်ထားပါတယ်” ဟု တာဝန်ကျ ရဲအရာရှိက ပြောသည်။

ယင်းဗလီတွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ရှာဖွေတွေ့ရှိသည် ဆိုသည့်သတင်းများ ထွက်ပေါ်နေကြောင်း။ ယင်းသတင်း မမှန်ကန်ကြောင်း၊ ကောလာ ဟလ များသာ ဖြစ်ကြောင်း၊ လူနေအိမ်များကိုလည်း ယနေ့အထိ ရှာဖွေခြင်း မပြုလုပ်သေးကြောင်း၊ ဒေသခံများဘက်ကလည်း လက်နက် လာရောက်အပ်နှံခြင်းမျိုး မရှိသေးကြောင်း သူက ဆက်ပြောသည်။

သဲတွဲမြို့တွင် လက်ရှိအခြေအနေမှာ တည်ငြိမ်လျှက်သာရှိပြီး ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်တို့ အကြား ကွဲပြားမှု မရှိကြောင်း၊ မြို့အတွင်း လုံခြုံရေးမှာလည်း တဦးနှင့်တဦး ပဋိပက္ခ ဖြစ်နိုင်မည့်အသွင် မတွေ့ရကြောင်း၊ မြို့မိမြို့ဖ များမှာလည်း ထိုသို့ဖြစ်ပွားလာမည်ကို မလိုလားကြောင်း သံတွဲမြို့ရှိ မြို့မိမြို့ဖ တဦးက ဆိုသည်။

သံတွဲမြို့တွင် ပေါက်ကွဲ စေတတ်သော လက်နက်များ သိမ်းဆည်းရမိသည် ဆိုသည့်သတင်းမှာ facebook စာမျက်နှာများတွင် ပျံ့နှံ့လျှက်ရှိပြီး ယင်းသို့ ကောလာဟလ သတင်းများ လွှင့်နေခြင်းမှာ ရခိုင်ပြည်နယ် မငြိမ်မသက် ဖြစ်စေရန် လံှု့ဆော်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း၊ ရခိုင်ပြည်နယ် အရေးနှင့် ပက်သက်ပြီး facebook စာမျက်နှာများတွင် ဖော်ပြနေသော အချက်အလက် တချို့သည် တကယ်ဖြစ်နေသော အနေအထားနှင့် ကွဲလွဲမှုများရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ
ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။

Irrawaddy

အေးချမ်းမွန်မှ  ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ခေတ်သတင်း

No comments:

Post a Comment