News And Library
Fresh News And Some Knowledge For You
Monday, 5 November 2012
အငြင်းပွားဖွယ် ရေအားလျှပ်စစ်ဆည် စီမံကိန်းကို ကမ္ဘောဒီးယားအစိုးရ အတည်ပြု
ဆည်တည်ဆောက်မည့် ဆီဆန်မြစ်ကမ်းဘေးတစ်နေရာတွင် ကလေးများရေချိုးသန့်စင်နေကြစဉ်
ကမ္ဘောဒီးယားတွင် တရုတ်နှင့် ဗီယက်နမ်ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်မည့် ရေအားလျှပ်စစ်ဆည် စီမံကိန်းတစ်ခုကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက် တွင် အစိုးရက ထုတ်ပြန်ခဲ့သည်။
မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်နိုင်မည့် Lower Sesan 2 အမည်ရ ယင်းဆည်ကို Stung Treng ပြည်နယ် မြောက်ပိုင်း မဲခေါင်မြစ်၏ မြစ်လက်တက် ဆီဆန်မြစ်ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၇၈၁ ဒသမ ၅ သန်း ကုန်ကျမည်ဖြစ်သည်။
ပါဝင်ဆောင်ရွက်မည့် တရုတ်နှင့်ဗီယက်နမ် ကုမ္ပဏီများ၏ အမည်များကိုမူ မထုတ်ပြန်ခဲ့ပေ။ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ယင်းစီမံကိန်းကြောင့် လူ ၅၀၀၀၀ ကျော် ထိခိုက်စေမည်ဟု ခန့်မှန်းထားသည်။
ယင်းစီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမည့် ဒေသခံမိသားစုများအတွက် မြေနေရာများ ကြိုတင်ပြင်ဆင်ရန်နှင့် အိမ်သစ်များဆောက်လုပ်ရန် ၀န်ကြီးချုပ်ဟွန်ဆန်က တာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်။
အစိုးရ၏ အတည်ပြုချက်အတွက် အံ့အားသင့်မိပြီး ယင်းစီမံကိန်း မစတင်မီ ဒေသခံများ၏ ဘ၀ရပ်တည်မှု၊ ရေအရင်းအမြစ်နှင့် ဂေဟစနစ် မထိခိုက်စေရေး စသည်တို့ကို ပြည်သူ့ဖိုရမ်တစ်ခုပြုလုပ်၍ ဆွေးနွေးကြရန် အစိုးရနှင့် ယင်းကုမ္ပဏီများကို 3S Rivers Protection အဖွဲ့မှ တက်ကြွလှုပ်ရှားသူ Meach Mean က တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ဖွင့်လှစ်ခဲ့သည့် ကမ္ဘောဒီးယား၏ လက်ရှိအကြီးဆုံး ရေအားလျှပ်စစ်ဆည်အတွက်လည်း တရုတ်က အမေရိကန် ဒေါ်လာ သန်း ၂၈၀ ကျော် ထောက်ပံ့ခဲ့သည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းမရှိခြင်းကြောင့် မီတာခ ကြီးမြင့်သော ကမ္ဘောဒီးယားတွင် တရုတ်၏ ထောက်ပံ့မှုယူထားသည့် အနည်းဆုံးဆည် လေးခုအပါအ၀င် ဆည်ကိုးခုကို ၂၀၁၉ ခုနှစ် မတိုင်မီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ခဲ့သည်။ ယင်းစီမံကိန်းများမှ ကမ္ဘောဒီးယားနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ၂၀၄၅ မီဂါပပ် ထုတ်ပေးနိုင်မည်ဟု သိရသည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment