Friday, 5 October 2012

ကန်တော်မင်္ဂလာပန်းခြံအတွင်း ကာဘိုင်ကျည်အကောင်း ၁၉၉တောင့်အား တွေ့ရှိ





 

ရန်ကုန်မြို့၊ ဒဂုံမြို့နယ် အတွင်းရှိ ကန်တော်မင်္ဂလာပန်းခြံတွင် အမှိုက်များရှင်းလင်းရာမှ ကာဘိုင်ကျည်အကောင်း ၁၉၉တောင့်အား အောက်တိုဘာလ ၃ရက်နေ့က တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ကန်တော်မင်္ဂလာပန်းခြံ၊ မြောက်ဘက်ကန်စောင်း၊ ငုဝါပင်ကြီးအောက်ခြေတွင် ပုံထားသော အမှိုက်များအား ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန သန့်ရှင်းရေးဝန်ထမ်းဖြစ်သူ ဒေါ်---၊ ၃၇နှစ်၊ သာကေတမြို့နယ်နေသူက ရှင်းလင်းရာမှ ကာဘိုင်ကျည်အကောင်းဟု ယူဆရသော ကျည် ၁၉၉ တောင့်အား တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

"သန့်ရှင်းရေးဝန်ထမ်းက အမှိုက်တွေရှင်းလင်းရင်းနဲ့ မသင်္ကာစရာအထုပ်တွေ့တယ်ဆိုပြီး ကျွန်တော်တို့ကို အကြောင်းကြားလို့ သွားကြည့်တဲ့အခါမှာ ကြွပ်ကြွပ်အိတ် သုံးထုပ်နဲ့ ထုပ်ထားတဲ့ ကာဘိုင်ကျည်အကောင်းလို့ ယူဆရတဲ့ ကျည်ဆန်တွေကို တွေ့ရှိခဲ့တယ်။ အဲဒါနဲ့ သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်"ဟု ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနစုမှူးဖြစ်သူ ဦးဇော်ဝင်းက ဖြစ်စဉ်ကို ပြန်လည်ပြောကြားခဲ့သည်။

ထို့အတူ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒဂုံမြို့နယ်စခန်းမှူးဖြစ်သူ ရဲအုပ်ထွန်းထွန်းဝင်းမှ "ပန်းခြံကတာဝန်ရှိသူတွေ အကြောင်းကြားတာနဲ့ သွားပြီးတော့ ရှင်းလင်းမှုတွေ လုပ်ခဲ့ပါတယ်။ ပြီးတော့ တွေ့ရှိခဲ့တဲ့ ကျည်ဆန်တွေကို ထိန်းသိမ်းထားပါတယ်" ဟု ပြောကြားခဲ့သည်။
 EMG

No comments:

Post a Comment