Monday, 29 October 2012

ဥက္ကာခဲဖြင့် ထုထားသည်ဆိုသော ကုဝေရနတ်မင်းကြီးရုပ်တုမှာ အနှစ် ၁၀၀၀ က လက်ရာမဖြစ်နိုင်ဟု ဆိုပြန်





29mt7 ဥက္ကာခဲဖြင့် ထုထားသည်ဆိုသော ကုဝေရနတ်မင်းကြီးရုပ်တုမှာ လွန်ခဲ့သော အနှစ် ၁၀၀၀ က လက်ရာမဖြစ်နိုင်သလို တိဘက်ဒေသမှ နာဇီဂျာမနီတို့ ယူဆောင်လာခဲ့သည်ဆိုခြင်းမှာလည်း မဟုတ်မှန်နိုင်ကြောင်း တောင်ကိုရီးယားမှ ဗုဒ္ဓသုတေသန ကျွမ်းကျင်ပညာရှင်တစ်ဦးက ထောက်ပြခဲ့သည်။
ပညာရှင်၏ ထောက်ပြမှုတွင် ယင်းရုပ်တုကို ဥက္ကာခဲဖြင့် ထုထားခြင်းဟုတ်၊ မဟုတ်ကိုမူ ဝေဖန်သုံးသပ်ထားခြင်းမရှိဘဲ ထုလုပ်ထားသည့် လက်ရာကိုသာ အဓိက သုံးသပ်ပြီး ၂၀ ရာစုလက်ရာသာ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားရှိ ဒေါင်ဂွတ်တက္ကသိုလ်မှ ပညာရှင် အာချင်ဘေယာက ယင်းရုပ်တုသည် ၁၉၁၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်နှစ်အတွင်း ဥရောပတွင်သာ တိဘက်ဟန်ကို တုပြီးထုလုပ်သည့် လက်ရာဖြစ်နိုင်ကြောင်း ထောက်ပြခဲ့သည်။ ရုပ်တုတွင် ၀တ်ဆင်ထားသည့် ဖိနပ်မှာ အနောက်တိုင်း ဖိနပ်ပုံစံဖြစ်နေခြင်း၊ ဘောင်းဘီဝတ်ထားခြင်း၊ ၀တ်စုံလက်မောင်းမှာ တိဘက်နှင့် မွန်ဂိုရိုးရာဟန် မပေါက်ခြင်း၊ တိဘက်နှင့် မွန်ဂိုနတ်ရုပ်များတွင် တွေ့လေ့တွေ့ထမရှိသည့် မုတ်ဆိတ်မွေးရှည်ရှည် ပါနေခြင်း၊ ၀တ်ရုံမှာ တိဘက်နတ်တို့၏ ၀တ်ရုံနှင့်မတူဘဲ ရောမဆန်နေခြင်း၊ အထင်ရှားဆုံး ပုံမှန်မဟုတ်မှုအဖြစ် နားကပ်တစ်ဘက်သာ ပန်ထားခြင်း တို့ကို တွေ့ရကြောင်း ပညာရှင်က ဝေဖန်ထောက်ပြခဲ့သည်။
ဂျာမနီနိုင်ငံ စတုဂတ်တက္ကသိုလ်မှ ပညာရှင်များက နာမည်ကျော် Meteoritics & Planetary Science ဂျာနယ်တွင် နာဇီဂျာမနီတို့ တိဘက်မှ ဆောင်ယူလာသော ရုပ်တုဟု ဖော်ပြခဲ့ပြီးနောက် မီဒီယာများတွင် ယင်းသတင်းမှာ ရေပန်းစားခဲ့ပြီး အထူးထင်ရှားလာခဲ့ခြင်းဖြစ်သည်။ အာရိယန်မျိုးနွယ်တို့၏ မူလအစနှင့် ယဉ်ကျေးမှုကို လေ့လာရန် ၁၉၃၈- ၁၉၃၉ တွင် တိဘက်သို့ စေလွှတ်ခံခဲ့ရသူ ဂျာမနီ သတ္တဗေဒပညာရှင်နှင့် လူမျိုးရေး သုတေသနပညာရှင် အားန်စ်ရှက်ဖာက ဂျာမနီသို့ ယူဆောင်လာခဲ့သော ရုပ်တုဖြစ်သည်ဟု ထိုစဉ်က ဖော်ပြခဲ့သည်။
ယင်းရုပ်တုမှာ ဂျာမနီရှိ နာဇီတို့နှင့် ဆိုင်သော အမှတ်တရပစ္စည်း ဈေးကွက်အတွက် ရည်ရွယ်ထုလုပ်ထားခြင်းမျိုးသာ ဖြစ်နိုင်ပြီး နာမည်ကျော်ပညာရှင်၏ အမည်နှင့်ရောကာ ဇာတ်လမ်းဆင်ပြီး ထင်ရှားအောင် လုပ်ထားခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
Ref;Telegraph
EMG

No comments:

Post a Comment