News And Library
Fresh News And Some Knowledge For You
Thursday, 18 October 2012
သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဘွမ်ဂါ့တ်နာ အာကာသတွင်းမှ မြေပြင်ပေါ်သို့ အလွတ်ခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်
အာကာသအတွင်း ရောက်ရှိချိန်တွင် ချိတ်ဆက်အခန်းငယ်မှ ခုန်ချရန်ပြင်ဆင်နေစဉ်
သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဖီးလစ်ဘွမ်ဂါ့တ်နာသည် အာကာသတွင်းမှ မြေပြင်သို့ အလွတ်ခုန်ချမှု ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေးအတွက် အောက်တိုဘာလ ၁၄ ရက် နေ့တွင် ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှု အောင်မြင်ခဲ့သည်။
ဘွမ်ဂါ့တ်နာသည် အမြင့်ပေ ၁၂၈၀၉၇ ပေ မှ ၄ မိနစ် ၁၉ စက္ကန့်ကြာ အလွတ်ခုန်ဆင်းခဲ့ပြီးမှ လေ ထီးဖွင့်ခဲ့ခြင်းဖြစ်သည်။ ယခုကြိုးပမ်းမှုတွင် အမြင့်ဆုံး အလွတ်ခုန်ချမှု၊ လူသားတစ်ဦးအတွက် အမြင့်ဆုံးအမြန်နှုန်း၊ အသံ၏ အမြန်နှုန်းကို ချိုးဖျက်နိုင်မှု စံချိန် များတင်နိုင်ခဲ့သော်လည်း ဆင်းလာသည့်အချိန် မြန်ဆန်ခြင်းကြောင့် အချိန်အကြာဆုံး အလွတ်ခုံစံချိန်ကိုမူ လက်လွှတ်ခဲ့ရသည်။
ငါးမိနစ်ကြာ အလွတ်ခုန်ချပြီး ယင်းစံချိန်ကိုပါရယူရန် ရည်ရွယ်ထားခဲ့သော်လည်း မူလသတ်မှတ်ထားသည့် အမြင့်ပေ ၅၀၀၀ ရောက်မှသာ လေထီးဖွင့်မည့်အစီအစဉ်ထက် ပိုစောပြီး လေထီးဖွင့်ခဲ့ခြင်းကြောင့် ဟု ယူဆရသည်။
မြေပြင်သို့ လေထီးဖြင့် ဆင်းသက်အပြီး
ဘွမ်ဂါ့တ်နာသည် အမြင့်ဆုံး တစ်နာရီ ၇၀၆ မိုင် အမြန်နှုန်းအထိ ရောက်ရှိခဲ့သောကြောင့် အသံအမြန်နှုန်းကို ကျော်လွန်နိုင်ခဲ့သည်။ ခုန်ချမှု အစအဆုံးမှာ မူလက ၁၅ မိနစ်မှ မိနစ် ၂၀ အထိကြာမြင့်မည်ဟု ခန့်မှန်းထားသော်လည်း ၉ မိနစ် ၃ စက္ကန့်သာကြာခဲ့ပြီး လေထီးဖြင့် ဆင်းသည့်ကြာချိန်မှာ ၄ မိနစ် ၄၄ စက္ကန့် ကြာခဲ့သည်။
အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်ရှိ ကန္တာရတွင်းမှ အထူးပြုလုပ်ထားသည့် မိုးပျံပူဖောင်းဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ဘွမ်ဂါ့တ်နာ လိုက်ပါသွားသည့် အခန်းငယ်ကို သယ်ဆောင်သွားသော မိုးပျံပူဖောင်းသည် ကောင်းကင်ယံသို့ အဆင်ပြေစွာ တက်ရောက်သွားနိုင်ခဲ့သည်။ ဘွမ်ဂါ့တ်နာ၏အဖွဲ့ဝင် ၁၀၀ ပါ အကူအဖွဲ့တွင် လက်ရှိအမြင့်ဆုံး အလွတ်ခုန်စံချိန်ရှင် အမေရိကန်အငြိမ်းစား လေတပ်ဗိုလ်မှူးကြီး ဂျိုးကစ်တင်ဂါ ပါဝင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်က အမြင့်ပေ ၁၀၂၈၀၀ မှ အလွတ်ခုန်ချခဲ့သော ကစ်တင်ဂါသည် ဘွမ်ဂါ့တ်နာကို ကြီးကြပ်ကာ ရေဒီယိုမှတစ်ဆင့် လမ်းညွှန်ခဲ့သည်။
အမြင့်ပေ ၁၂၈၀၉၇ အရောက်တွင် ချိတ်ဆက်အခန်းငယ်မှ ခုန်ချလိုက်စဉ်
ပြီးခဲ့သည့်အပတ်က လေတိုက်နှုန်းကြောင့် စံချိန်တင်ရန်ကြိုးပမ်းမှုကို နောက်ဆုံးမိနစ်တွင်မှ ပယ်ဖျက်ခဲ့ရသည့် အသက် ၄၃ နှစ်အရွယ် ဘွမ်ဂါ့တ်နာသည် ဟီလီယမ်ဓာတ်ငွေ့ ကုဗပေ သန်း ၃၀ ထည့်ထားသည့် မိုးပျံပူဖောင်းကြီးဖြင့် ဆွဲသော ၁ ဒသမ ၃ တန်လေးသည့် အခန်းငယ်ဖြင့် လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။
ဘွမ်ဂါ့တ်နာရင်ဆိုင်ရမည့် အကြီးမားဆုံးအခက်အခဲမှာ အမြန်နှုန်း နှင့် အားများကြောင့် သိစိတ် ပျောက်ကာ မေ့မျောသွားနိုင်ခြေမှာ စိုးရိမ်စရာဖြစ်ခဲ့သော်လည်း ကျော်လွှားနိုင်ခဲ့သည်။ အနုတ် ၉၀ ဒီဂရီမျှသာရှိသော အပူချိန်မှာလည်း အထူးပြု လုပ်ထားသည့် အာကာသယာဉ်မှူး ၀တ်စုံနှင့်တူသော ၀တ်စုံကြောင့် ပြဿနာမရှိခဲ့ပေ။
Ref;AFP,Daily Mail
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment