Monday, 22 October 2012

နေပြည်တော်က မီဒီယာတွေ့ဆုံပွဲ . . .( နေထွန်းနိုင်)







 w83e3
နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးအောင်ကြည်တို့ကို မီဒီယာတွေ့ဆုံပွဲတွင် တွေ့ရစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တွင်းမီဒီယာတွေအတွက် ပထမဆုံး မီဒီယာတွေ့ဆုံပွဲကို နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော် သံတမန်ဆောင်မှာ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတော် သမ္မတဟာ အစိုးရအဖွဲ့သစ်ကို တာဝန်ယူပြီးလို့ နိုင်ငံခြားခရီးစဉ်တွေ ထွက်တဲ့အခါ ပြည်ပမှာ ရောက်နေတဲ့ exile media တွေ၊ ပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံလေ့ ရှိပါတယ်။
မှတ်မှတ်ရရဆိုရင်တော့ ၂၀၁၁ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ လုပ်ခဲ့တဲ့ (၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးပွဲကို တက်ရောက်သတင်းယူနေတဲ့ မြန်မာမီဒီယာတွေ၊ ပြည်ပ exile media တွေနဲ့ ပြည်ပမီဒီယာအချို့ကို တွေ့ဆုံပြီး မီဒီယာတွေ့ဆုံပွဲ လုပ်ခဲ့ပါတယ်။
ဒီမီဒီယာ တွေ့ဆုံပွဲဟာ နိုင်ငံတော်သမ္မတ သက်တမ်းတလျှောက် ပြည်ပမှာ ပထမဆုံးလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ သမ္မတအတွက် မင်္ဂလာသတင်းတွေ ပြည့်နေတဲ့အချိန် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခွင့်ပြုစေခဲ့တာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့တာ၊ ဒီလိုသတင်းတွေကို အခြေခံပြီး မီဒီယာတွေ့ဆုံပွဲလုပ်ခဲ့တာပါ။
ဒီနောက်ပိုင်းမှာတော့ ခေတ်အတန်ကြာ မီဒီယာကို ရှောင်ရှားလေ့ရှိတဲ့ နိုင်ငံခေါင်းဆောင်တွေ စာရင်းကနေ သမ္မတ ဦးသိန်းစိန်က ဖဲ့ဆင်းသွားခဲ့ပါတယ်။ ပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံသလို နိုင်ငံခြား ခရီးစဉ်တွေ သွားတဲ့အခါမှာလည်း သတင်းထောက်တွေကို အထိုက်အလျောက် နေရာပေးခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေလို လုံးလုံးလျားလျားနေရာပေးတဲ့ အဆင့်တော့ မရောက်သေးပါဘူး။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက အမေရိကန်နိုင်ငံကို သွားတဲ့အခါ မီဒီယာတွေကို ပိုပြီးအလေးထားခဲ့ပါတယ်။ Asia Society မှာလည်း အမေးအဖြေ ပြုလုပ်တာတွေ လုပ်ခဲ့ပါတယ်။

သတင်းထောက်တွေနဲ့ ရင်နှီးမှုရစေမယ့် စကားတွေကို သမ္မတက ရယ်ရယ်မောမော ပြောခဲ့ပါတယ်။ မေးခွန်းတွေကို ဘေးကျပ်နံကျပ်မမေးဘဲ အပြုသဘောဆောင်မေးဖို့ ပြောခဲ့သလို
ဖုန်းဈေးနှုန်းကိစ္စ ပြောတဲ့အခါ ကျွန်တော်ဆန္ဒအရဆိုရင် အလကားတောင် ပေးချင်တယ်လို့ ပြန်ဖြေခဲ့တာလည်း ရှိပါတယ် . . .
နိုင်ငံတော်သမ္မတရဲ့ နေပြည်တော်မီဒီယာ တွေ့ဆုံပွဲလုပ်ရတဲ့ အကြောင်းအရင်းက သုံးချက်ရှိပါတယ်။ တစ်အချက်က အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်တာကို ပြောပြလိုခြင်းပါ။ နှစ်အချက်ကတော့ ငြိမ်းချမ်းရေးနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြောချင်တာ၊ သုံးအချက် က မီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးထားခြင်းကို ပြသလိုတာဖြစ်ပါတယ်။
သမ္မတရဲ့ သတင်းစာရှင်းလင်းပွဲက ယခင်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲတွေနဲ့တော့ ကွာခြားမှု အနည်းငယ် ရှိခဲ့ပါတယ်။ မေးခွန်းမေးမယ့် သူတွေကို ကြိုတင်စီစဉ်ပြီး နေရာချထားပေးခဲ့တာ၊ မီဒီယာတိုင်းစေ့ မေးခွန်းမေးနိုင်အောင် စီစဉ်ပေးခဲ့တာ စတဲ့အချက်တွေ ဖြစ်ပါတယ်။ နောက်ပြီး ယခင်အစိုးရလက်ထက် သတင်းစာရှင်းလင်းပွဲတွေမှာတော့ ဦးဆောင်ပြုလုပ်သူက ရှည်လျားတဲ့ နိဒါန်းပျိုးမှုကို နာရီပိုင်းကြာအောင် ဖတ်ပြလေ့ရှိပေမယ့် သမ္မတရဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ နိဒါန်းကို တိုတိုတုတ်တုတ်နဲ့ ပြောသွားခဲ့ပါတယ်။ အသံချဲ့စက်၊ မိုက်ခရိုဖုန်းချို့ယွင်းမှုက သတင်းစာရှင်းလင်းပွဲအတွက် ဘ၀င်မကျစရာ ဖြစ်ခဲ့ရပါတယ်။ သတင်းထောက်တိုင်း အသံဖိုင်ကောင်းကောင်း မရခဲ့ကြပါဘူး။ မိုက်ခရိုဖုန်းချို့ယွင်းမှုကြောင့် သတင်းထောက်တွေ မေးခွန်းမေးတဲ့အခါ အသံတွေကလုံးထွေးနေလို့ မေးခွန်းတွေကို မူရင်းအသံအတိုင်း မိုက်ခရိုဖုန်းမသုံးဘဲ ဖြေကြားဖို့ သမ္မတက မေတ္တာရပ်ခံခဲ့ရပါတယ်။ ဒီအခါမှာ မေးခွန်းမေးမြန်းသူရဲ့ အသံကို သမ္မတနဲ့ ရှေ့တန်းမှာထိုင်နေတဲ့ လူတွေသာကြားရပြီး ကျန်တဲ့သတင်းထောက်တွေ မကြားရတော့ပါဘူး။ သမ္မတရဲ့ ပြန်ဖြေသံကို နားစွင့်ပြီးမှ ဘာကိုမေးလို့ ဘာကိုပြန်ဖြေတယ် ဆိုတာကို မှန်းဆခဲ့ကြရပါတယ်။
သတင်းထောက်တွေနဲ့ ရင်နှီးမှုရစေမယ့် စကားတွေကို သမ္မတက ရယ်ရယ်မောမော ပြောခဲ့ပါတယ်။ မေးခွန်းတွေကို ဘေးကျပ်နံကျပ်မမေးဘဲ အပြုသဘောဆောင်မေးဖို့ ပြောခဲ့သလို ဖုန်းဈေးနှုန်းကိစ္စပြောတဲ့အခါ ကျွန်တော်ဆန္ဒအရဆိုရင် အလကားတောင် ပေးချင်တယ်လို့ ပြန်ဖြေခဲ့တာလည်း ရှိပါတယ်။၊ 'ခင်ဗျားတို့ မီဒီယာတွေကို ကြောက်လို့ပါ'၊ 'ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ အသံဝင်တော့မယ်'၊ 'ကျွန်တော်ထင်တယ် ဒီညတော့ မိုးလင်းတော့မယ်ထင်တယ်'၊ 'ကျွန်တော်သာလစာ ကျပ်သိန်း ၅၀ ယူလို့ရှိရင် ဒီနေ့ဝင် မနက်ဖြန်ပြုတ်မယ်ထင်တယ်' စတဲ့စကားတွေကို ရယ်ပွဲဖွဲ့ ပြောဆိုခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ရှိသလားလို့မေးတဲ့အခါ 'ကျွန်တော့်ကို လိုလားလို့ပဲ မေးတာလား၊ စိုးရိမ်လို့ပဲ မေးတာလား၊ ကျွန်တော်လည်း မသိဘူး'လို့ ပြန်ဖြေခဲ့ပါတယ်။
လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်လို့ တိတိကျကျဖြေကြားခဲ့တာမျိုး မရှိသလို လယ်ယာမြေသိမ်းခံရတဲ့ ကိစ္စအစရှိတဲ့ မေးခွန်းတွေကိုလည်း 'ကျွန်တော်တို့အစိုးရ လက်ထက်မှာတော့ သိမ်းတာမရှိဘူး၊ ဖြစ်နေတဲ့ ပြဿနာတွေအတွက် ဥပဒေတွေရှိတယ်'လို့ ပြန်ဖြေသွားတာတွေ ရှိပါတယ်။ အဖြေတိတိကျကျ မရခဲ့တဲ့ မေးခွန်းတချို့လည်း ရှိခဲ့ပါတယ်။
ကချင်အရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ ဆင်းရဲမွဲတေမှု လျော့ချရေး၊ တိုင်းပြည်တိုးတက်အောင်လုပ်မယ့် ရည်ရွယ်ချက်တွေ အစရှိတဲ့ အကြောင်းအရာတွေဟာ ပြောခဲ့ဖူးတဲ့ မိန့်ခွန်းတွေမှာ အကျယ်တ၀င့် ပြောခဲ့ပြီးသားမို့ လူတော်တော်များများက စကားလုံးနားယဉ်မှု ဖြစ်နေပါပြီ။ ဒီလိုအကြောင်းအရာတွေကို အဖြေတွေမှာ ထည့်ပြောသွားလို့ သတင်းစာရှင်းလင်းပွဲရဲ့ တချို့အချိန်တွေဟာ အာရုံတွေလွင့်ခဲ့ရတယ်လို့ သတင်းထောက်အချို့က ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမစခင် ပြန်ကြားရေးမှာ စုရပ်လုပ်တုန်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က သတင်းထောက်တွေကို 'ထမင်းရော စားပြီးကြရဲ့လား၊ စီစဉ်ပေးရမယ်'လို့ ပြောခဲ့ပါတယ်။ မီဒီယာတွေ့ဆုံပွဲ ပြီးချိန်မှာတော့ 'သတင်းထောက်တွေကို ရွှေဧည့်သည်ဟိုတယ်မှာ ညစာကျွေးမယ်'လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ကြေညာခဲ့ပါတယ်။ ဒီကြေညာမှုအပြီးမှာ သမ္မတက 'ကျွန်တော်တော့ မတက်တော့ဘူး။ တက်ရင်ခင်ဗျားတို့ မေးနေဦးမယ်'လို့ ရယ်ပွဲဖွဲ့ပြန်ပြောခဲ့ပါတယ်။
မီဒီယာတွေ့ဆုံပွဲမှာ ရင်မောစရာ ကိစ္စတစ်ခုဖြစ်ခဲ့ပါသေးတယ်။ သမ္မတအိမ်တော်ကိုအ၀င် လုံခြုံရေးစစ်ဆေးမှု ယူတဲ့အခါ ဖုန်းတွေအကုန်ထားခဲ့၊ လက်ပ်တော့ယူလို့မရ၊ အိတ်တွေထားခဲ့၊ ကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေပဲ ယူရမယ်ဆိုလို့ သတင်းထောက်တွေက အကုန်ထားခဲ့ရပါတယ်။ မီဒီယာတွေ့ဆုံပွဲ ခန်းမထဲ ရောက်တဲ့အခါကျတော့ ဖုန်းတွေ၊ လက်ပ်တော့တွေ ယူလို့ရတယ်ဆိုတဲ့ အသံထွက်လာပါတယ်။ အဲဒါတွေ မယူရဘူးဆိုရင် မီဒီယာတွေ့ဆုံပွဲက လွတ်လပ်မှုမရှိဘူး ထင်နေမယ်။ ယူလို့ရပါတယ်လို့ ဆိုတာကြောင့် စစ်ဆေးရေးဂိတ်ကို နောက်တစ်ခါပြန်သွားပြီး လက်ပ်တော့တွေ၊ ဖုန်းတွေပြန်ယူရတဲ့အဖြစ် ရောက်ခဲ့ပါတယ်။ အဲဒီအချိန်အထိ ပထမစစ်ဆေးရေးဂိတ်က တာဝန်ရှိသူတွေက ယူလို့မရဘူး ပြောနေတုန်းပါပဲ။ သိတဲ့လူတွေက ပြန်ယူခဲ့သလို မသိတဲ့လူတွေက ပြန်မယူခဲ့လို့ တိုက်ရိုက်သတင်းတင်တဲ့အခါ အခက်အခဲတချို့ ရှိခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သတင်းထောက် အယောက်(၁၃၀)၊ မေးခွန်း (၃၀)နဲ့ သမ္မတရဲ့ မီဒီယာတွေ့ဆုံပွဲကို ညနေ ၄ နာရီ မိနစ် ၂၀ ခန့်အချိန်မှာ ပြီးဆုံးခဲ့ပါတယ်။ မီဒီယာတွေ့ဆုံပွဲ ပြီးချိန်မှာတော့ မီဒီယာကို အမွှန်းတင်ခဲ့တဲ့ သမ္မတက မီဒီယာသမားတွေနဲ့အတူ အမှတ်တရဓာတ်ပုံ တွဲရိုက်ပေးရင်း ပထမဆုံး မီဒီယာတွေ့ဆုံပွဲကို အဆုံးသတ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။
EMG
w83e4
သမ္မတနှင့် မီဒီယာသမားအချို့ အမှတ်တရဓာတ်ပုံရိုက်ကူးနေကြစဉ်

No comments:

Post a Comment