News And Library
Fresh News And Some Knowledge For You
Monday, 1 October 2012
ဒီဇိုင်း(ပန်းချီ)မြင့်မောင်ကျော် ယာဉ်တိုက်ခံရမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသမှုခံယူနေရ
ဒီဇိုင်း(ပန်းချီ)မြင့်မာင်ကျော် ယာဉ်တိုက်ခံခဲ့ရသည့် ဗိုလ်မင်းရောင်လမ်းမပေါ်မှ နေရာ
ဒီဇိုင်း(ပန်းချီ)မြင့်မောင်ကျော် ယာဉ်တိုက်ခံရမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန် ၀န်းကျင်ခန့်တွင် ဒီဇိုင်း(ပန်းချီ)မြင့်မောင်ကျော်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်တော်ကြီးပတ်လမ်းတွင် လမ်းလျှောက်ပြီး နေအိမ်သို့အပြန် ဗိုလ်မင်းရောင်လမ်းနှင့် မန္တလေးလမ်းထောင့်အနီးတွင် ကားလမ်းဖြတ်ကူးနေစဉ် တစ်ဖက်ယာဉ်ကြောမှ မီးထိုး မောင်းနှင်လာသော ယာဉ်တစ်စီး ကို ရပ်စောင့်နေစဉ် အခြားယာဉ်ကြောမှ ကားမီးမထွန်းဘဲ မောင်းနှင်လာသော ယာဉ်တစ်စီးက နောက်မှဝင်တိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ နောက်မှဝင်တိုက်ခဲ့သည့် မော်တော်ယာဉ်မှာ ယာဉ်တိုက်မှုဖြစ်စဉ်အပြီး ခဏရပ်ကာ မောင်းနှင်ထွက်ပြေးသွားကြောင်းနှင့် အဆိုပါကျူးလွန်ခဲ့သည့် မော်တော်ယာဉ်အမှတ်မှာ ဓ/၄၉၃၀ အငှားယာဉ်ဖြစ်ကြောင်း ဖြစ်စဉ်အနီးတွင် မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါကဲ့သို့ ယာဉ်တိုက်ခံရသည့် ဒီဇိုင်း(ပန်းချီ)မြင့်မောင်ကျော်မှာ ဦးခေါင်းနှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ယာဉ်တိုက်မှုဖြစ်စဉ်ကို စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် နေရာဝန်းကျင်တွင် လျှပ်စစ်လမ်း မီးတိုင်များရှိသော်လည်း ယင်းလမ်းမီးတိုင်များမှာ မီးလင်းခြင်းမရှိကြောင်း အနီးနားတွင်နေထိုင်သူများ ကပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှတိုက်ပြီး ထွက်ပြေးသွားသည့် အမှုပေါင်း သုံးရာနီးပါးရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များ မောင်းနှင်သွားလာနေသည့်အပြင် နံပါတ်ပြားအတုတပ်ဆင်ပြီး မောင်းနှင်နေသည့် မော်တော်ယာဉ်များလည်း ရှိနေကြောင်းနှင့် အဆိုပါမော်တော်ယာဉ်များအား အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment