Thursday, 18 October 2012

မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်များကို ၂၀၁၃ ခုနှစ်တွင် ပထမဆုံးပြန်ဖွင့်မည်




thn-10-18-1
မြစ်ကြီးနားတက္ကသိုလ်ရှိ အဆောက်အအုံတစ်ခုအား၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းက တွေ့ရစဉ်
တက္ကသိုလ်ကျောင်းများအတွင်း  ကျောင်းသား၊ ကျောင်းသူများအဆောင် နေထိုင်ခြင်းကို တစ်နိုင်ငံလုံး၌ ၁၉၉၆ ခုနှစ်ဝန်းကျင်မှစ၍ ပိတ်ပင်ထားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနားတက္ကသိုလ်၌ ပထမဆုံးအနေဖြင့် ပြန်လည်ထားရှိ မည် ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။
မြစ်ကြီးနားတက္ကသိုလ်၌ အဆောင်ပြန်လည်ထားရှိမည့် အစီအစဉ်အနေဖြင့် ခါကာဘိုဆောင်နှစ်ခုတွင် ယောက်ျားလေးဦးရေ ၁၂၀၊ ဆွမ်ပရာဘွမ် အဆောင်နှစ်ခုတွင် မိန်းကလေးဦးရေ ၁၂၈ ဦးထားရှိမည်ဖြစ်ပြီး ဝေးလံခေါင်ဖျားဒေသများမှ ကျောင်းသူ၊ ကျောင်းသားများအား ဦးစားပေးထားရှိမည်ဟု စုံစမ်းသိရှိရသည်။

''အဓိကကတော့ ပူတာအိုဒေသနဲ့ တနိုင်းဒေသကလိုဝေးလံခေါင်ဖျားအတွက်ပဲရည်ရွယ်တာပါ။ ပူတာအိုနဲ့တနိုင်း ကျောင်းသားပေါင်းက ၂၅၀ ကျော်ရှိနေတော့ အဆောင်နေဖို့အတွက် လုံလောက်မှာ မဟုတ်ပါဘူး။ အမှတ်နဲ့ခွဲပေးမယ်။ စာတော်ပြီး စည်းကမ်းလိုက်နာတဲ့ ကျောင်းသားတွေကိုရွေးမယ်။ အခုလောလောဆယ်တော့ နေဖို့အဆောင်တွေကို ပြင်ဆင်နေ ပါတယ်''ဟု ပြည်နယ်ပညာရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားခဲ့သည်။
အဆောင်တွင်နေထိုင်ပါက အဆောင်ကြေးနှင့် စားသောက်စရိတ်များကိုမူ အတတ်နိုင်ဆုံးလျော့ချပြီး ကောက်ခံရန်ရှိသော်လည်း ဆွေးနွေးတိုင်ပင်ရဦး မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။                                     အဆိုပါအဆောင်များကို ကျောင်းသားကျောင်းသူများထားရန် ပိတ်ပင်ခဲ့ပြီးနောက် စာသင်ခန်း၊ ဆရာနေခန်း၊ ၀န်ထမ်းနေခန်းအဖြစ်အသုံးပြုခဲ့ပြီး ယခု အခါ ပြင်ဆင်နေဆဲဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားတက္ကသိုလ်တွင် နေ့ကျောင်းသားဦးရေ ၅၅၀၀ ကျော်ရှိပြီး အဝေးသင်ကျောင်းသားဦးရေ ၇၀၀၀ ကျော်ရှိသည်ဟုသိရသည်။ နေ့ကျောင်းသား တစ်ဦးသည် နှစ်ဝက်စာ ကျူရှင်ခ၊ အိမ်ငှားခ၊ စားစရိတ်အပါအ၀င် လေးလအတွက် ကျပ်ခြောက်သိန်းနီးပါး ကုန်ကျပြီး အဝေးသင်ကျောင်းသားများအတွက် ကျူရှင်ခ၊ အိမ်ငှားခ၊ စားစရိတ်အပါအ၀င် တစ်လလျင် ကျပ်နှစ်သိန်းခွဲဝန်းကျင် ကုန်ကျသည်ဟု ကျောင်းသားများထံမှ စုံစမ်းသိရှိရသည်။
EMG

No comments:

Post a Comment