News And Library
Fresh News And Some Knowledge For You
Wednesday, 17 October 2012
ငါးမန်းများအား ဖမ်းဆီးရောင်းချခွင့် ပိတ်ပင်ထားသော်လည်း တရားမ၀င် ဖမ်းဆီးမှုများနှင့် မတော်တဆဖမ်းမိမှုများကြောင့် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း သိရ
ငါးမန်းများအား ဆူးတောင်များနှင့် အမြီးများ ဖြတ်ထားသည်ကို တွေ့ရစဉ်
ငါးမန်းများအား ဖမ်းဆီးရောင်းချခွင့် ပိတ်ပင်ထားသော်လည်း ပင်လယ်ပြင်အတွင်းတွင် အသုံးပြုလေ့ရှိသည့် တရွတ်ဆွဲပိုက်၊ မျှောပိုက်၊ ငါးမျှားတန်းများဖြင့် အခြားငါးများကို ဖမ်းဆီးရာမှ မတော်တဆဖမ်းမိမှုများနှင့် တရားမ၀င် ဖမ်းဆီးနေမှုများကြောင့် ငါးမန်းများမှာ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။
၂၀၀၄ ခုနှစ်၌ ကောက်ယူခဲ့သော မှတ်တမ်းများအရ ရခိုင်ပြည်နယ်တွင် ငါးမန်းမျိုးစိတ်ပေါင်း ၂၃ မျိုး၊ ဟိုင်းကြီးကျွန်းတွင် မျိုးစိတ်ရှစ်မျိုး၊ မြိတ်တွင် မျိုးစိတ် ၂၀ မျိုး တွေ့ရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အနေဖြင့် ငါးမန်းမျိုးစိတ်ပေါင်း ၃၁ မျိုး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
"ငါးမန်းတွေရဲ့ သဘာဝအရ အရွယ်ရောက်ပြီး မျိုးပွားနိုင်ဖို့ဆိုတာ အနည်းဆုံးနှစ် ၂၀ မှ ၂၅ နှစ် အထိ ကြာမြင့်ပြီးတော့ အရွယ်မရောက်ခင်မှာပဲ ဖမ်းဆီးတာကို ခံနေရတာတွေကြောင့် ကြာလာရင် ငါးမန်းတွေ မျိုးသုဉ်းသွားနိုင်ပါတယ်" ဟု ငါးလုပ်ငန်း အတတ်သင်သိပ္ပံမှ ကျောင်းအုပ်ကြီး ဦးခင်မောင်အေးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ASEAN နှင့် SEAFDEC (South East Asian Fisheries Development Center) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ငါးမန်းကာကွယ် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် အမျိုးသားအစီအမံ (မူကြမ်း)ကို ရေးသားပြုစုထားကြောင်းလည်း သိရှိရသည်။ ထို့ပြင် ငါးမန်းမျိုးများ စစ်တမ်းကောက်ယူခြင်းကို ၂၀၀၄ ခုနှစ်၌ ပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် သုတေသနပြုလုပ်ရန် ၀န်ထမ်းအင်အားနှင့် ငွေကြေးအင်အားများ ပံ့ပိုးပေးမည့် အဖွဲ့အစည်းများ မရှိသေးသောကြောင့် ထပ်မံပြုလုပ်နိုင်ခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင် မြိတ်ကျွန်းစုရှိ ဒုံးကျွန်းနှင့် လန်ပိကျွန်းများကို ငါးမန်းကာကွယ် ထိန်းသိမ်းရေး နယ်မြေနှစ်ခုအဖြစ် ၂၀၀၄ ခုနှစ် မေလ ၅ ရက်နေ့တွင် ထုတ်ပြန်သတ်မှတ်ခဲ့ကြောင်းလည်း သိရှိရသည်။ ငါးမန်းများမှာ ပင်လယ်ပြင်ဂေဟစနစ်တွင် အရေးပါသောနေရာ၌ ပါဝင်နေခြင်းကြောင့် ငါးမန်းများ မျိုးသုဉ်းမသွားရန်မှာ ပင်လယ်ပြင်ဂေဟစနစ်အတွက် အ ရေးကြီးနေကြောင်းလည်း သိရှိရပါသည်။
"လူတွေက ငါးမန်းဆိုရင်လူကို ကိုက်တတ်တဲ့သတ္တ၀ါဆိုပြီး မကြိုက်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ငါးမန်းတွေရဲ့သဘာဝက လူအသားကိုမစားဘူး၊ မကြိုက်ဘူး။ သူကကိုက်ပြီးရင် ပြန်ထွေးထုတ်လိုက်တာ" ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ကျောင်းအုပ်ကြီးက ထပ်မံပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ပျမ်းမျှငါးမန်းကိုက်ခံရမှုပေါင်း ၁၀၀ ခန့်ရှိပြီး သေဆုံးမှုပေါင်း ၂၀ ခန့်ရှိကြောင်း၊ သို့သော် ထိုသို့သေဆုံးမှုများမှာ ငါးမန်းစားခြင်းကြောင့် မဟုတ်ဘဲ သွေးထွက်လွန်၍သာ သေဆုံးခြင်းများ ဖြစ်လေ့ရှိကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ လူသိများသော ငါးမန်းများမှာ ငါးမန်းကျား၊ လွန်းငါးမန်း၊ သဲငါးမန်း၊ ငါးမန်းခေါင်းဝိုင်း၊ ကျွဲငါးမန်း၊ ငါးမန်းကျားသစ်၊ ငါးမန်းအဖိုးကြီး၊ ငါးမန်းအိမ်မြှောင်၊ ငါးမန်းကျွဲချိုတို၊ ငါးမန်းဝေလီ၊ ငါးမန်းတောင်မည်း၊ ငါးမန်းတောက်တဲ့၊ ငါးမန်းစွယ်သယ်၊ ခုတ်ငါးမန်း၊ ငါးမန်းဘီလူး၊ ငါးမန်းဘူးပြောက်၊ ငါးမန်းငှက်ပျံ၊ ငါးမန်းဟိုင်း၊ ငါးမန်းခါးနှင့် ငါးမန်းကျွဲချိုရှည် စသည်တို့ ဖြစ်သည်။ ထို့ပြင် ငါးမန်းများကို စားသုံးရန်အတွက် ဆူးတောင်များ ရောင်းဝယ်မှုများအပြင် အရေခွံများနှင့်အဆီများကို အလှကုန်ပစ္စည်းများပြုလုပ်ရန်နှင့် ဆေးဝါးများအတွက် အသုံးပြုကြောင်း သိရသည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment