News And Library
Fresh News And Some Knowledge For You
Monday, 3 September 2012
ကွန်မြူနစ်တရုတ်ကို ချီးမြှောက်ထားသော ပြဋ္ဌာန်းစာအုပ်သစ်အား ဟောင်ကောင်တွင် ထပ်မံဆန္ဒပြ
ဟောင်ကောင်အစိုးရရုံးရှေ့တွင် တရုတ်ပြဋ္ဌာန်းစာအုပ်သစ်ဆန့်ကျင်ရေး ပြုလုပ်နေမှုကို စက်တင်ဘာလ ၁ ရက်က တွေ့ရစဉ် Photo:AFP
ကွန်မြူနစ်တရုတ်ကို ချီးမြှောက်ထားသော ပြဋ္ဌာန်းစာအုပ်သစ်အား စာသင်နှစ်မစတင်မီ အစိုးရက ပြန်လည်ဖယ်ရှားပေးရန် တွန်းအားပေးသည့်အနေဖြင့် မိဘများနှင့် ကျောင်းသားများပါဝင်သော လူ ၄၀၀၀၀ ခန့် က ဟောင်ကောင်တွင် စက်တင်ဘာလ ၁ ရက်က စုဝေးဆန္ဒပြခဲ့ကြသည်။
မိုးရေထဲတွင် ဆန္ဒပြသူများက အစိုးရရုံးအပြင်ဘက်၌ စုရုံးခဲ့ကြပြီး ဆန္ဒပြသူ ၄၀၀၀၀ ခန့်ရှိသည်ဟု ပုဂ္ဂလိကရုပ်သံ RTHK က ထုတ်လွှင့်ခဲ့သော်လည်း ရဲတပ်ဖွဲ့ကမူ ဆန္ဒပြသူ ၈၁၀၀ ခန့်သာရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
ဇူလိုင်လကလည်း လူ ၉၀၀၀၀ ခန့်က ယင်းပြဋ္ဌာန်းစာအုပ်သစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရထားသော ဟောင်ကောင်တွင် ကလေးများအပေါ် တရုတ်က ၀ါဒဖြန့်ချိရန်ကြိုးပမ်းမှုအဖြစ် စွပ်စွဲခဲ့ကြသည်။
စာသင်နှစ်စတင်မည့် စက်တင်ဘာလ ၄ ရက်မတိုင်မီ ယင်းကဲ့သို့ ဒုတိယအကြိမ်မြောက် ဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကျောင်းများတွင် ယင်းပြဋ္ဌာန်းစာအုပ်သစ်မှ သင်ခန်းစာများကို ယခုအချိန်တွင် မိတ်ဆက်သဘောလောက်သာ သင်ပေးရန် အစိုးရက ညွှန်ကြားထားပြီး ၂၀၁၆ ခုနှစ်တွင် ကျောင်းအားလုံး၌ မသင်မနေရစနစ်ဖြင့်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။
သို့သော် ဒေသခံသတင်းမီဒီယာအချို့၏ ထုတ်ပြန်မှုအရ ကျောင်းအများစုတွင် ယင်းသင်ခန်းစာများကို ယခုနှစ်အတွင်း မိတ်ဆက်ပေးသွားရန် အစီအစဉ်မရှိကြောင်း သိရသည်။ သဘောထား အမြင်အမျိုးမျိုးကို အစိုးရက လက်ခံနားထောင်ပေး သွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သော်လည်း ယင်းပြဋ္ဌာန်းစာအုပ်သစ်ကို ပယ်ဖျက်ပေးမည့်အရိပ်အယောင်ကိုပင် မပြသခဲ့ပေ။
ကျောင်းသားအရေး လှုပ်ရှားသူသုံးဦးက ယင်းပြဋ္ဌာန်းစာအုပ်သစ်အပေါ် ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် အစာငတ်ခံဆန္ဒပြမှုကို သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး စက်တင်ဘာလ ၃ ရက် ညသန်းခေါင်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
Ref:AFP
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment