Wednesday, 1 August 2012

မြန်မာပြည်၏ ပထမဆုံး Digital လျှပ်စစ်မီတာအား နေပြည်တော်ဒေသတွင် စတင်တပ်ဆင်



မြန်မာပြည်၏ ပထမဦးဆုံး Digital လျှပ်စစ်မီတာအား နေပြည်တော်ကောင်စီနယ်မြေဖြစ်သော နေပြည်တော်လယ်ဝေးဒေသတွင်၂၀၁၂ ခုနှစ်ဇူလိုင်လ ၁၅ ရက်နေ့က တပ်ဆင်လိုက်ပြီဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကပြောသည်။ ယခင် လျှပ်စစ်အားကောက်ခံရာတွင် တပ်ဆင်ထားသော Analog လျှပ်စစ်မီတာများသည် သုံးစွဲသူ၏နေအိမ်တွင် တပ်ဆင်ထားလေ့ရှိသော်လည်း

ယခုတပ်ဆင်အသုံးပြုသော Digital လျှပ်စစ်မီတာများမှာ (၄) လုံးတစ်တွဲဖြင့် လျှပ်စစ်မီတာတိုင်များတွင် တပ်ဆင်ခြင်းဖြစ်ကြောင်း၊ ထိုသို့တပ်ဆင်ထားခြင်းသည် နိုင်ငံတကာအဆင့်မီနည်းစနစ်ဖြင့် မီတာဖတ်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါနည်းစနစ်မှာ ဂျပန်၊ ကိုရီးယားအပါအ၀င် ခေတ်မီနိုင်ငံကြီးများတွင် အသုံးပြုလျက်ရှိသော နည်းပညာဖြစ်ကြောင်း သိရသည။်
“ဒီိလို Digital လျှပ်စစ်မီတာ ပြောင်းလဲတပ်ဆင်လိုက်တဲ့အတွက် ယခင်က Analog လျှပ်စစ်မီတာဖတ်ရင် လူတစ်ယောက်ကို တစ်နေကုန်လုံးဖတ်မှ အလုံးရေ (၁၅၀) လောက်ပဲ ဖတ်နိုင်တယ်။ အခု Digital လျှပ်စစ်မီတာစနစ်က မီတာဖတ်ရင် Hand Held Unit (H.H.U)နဲ့ ပေသုံးထောင်အကွာအဝေးကနေ တစ်လုံးချင်းဖြစ်စေ၊ တစ်ပြိုင်နက်ဖြစ်စေ ဖတ်ရှုနိုင်တာမို့ တစ်နာရီကို မီတာအလုံး ၆၀၀ ဖတ်နိုင်ပါတယ်။ စီးနင်းလာတဲ့ ကားတို့ဆိုင်ကယ်တို့ စက်ဘီးတို့ပေါ်ကတောင် မဆင်းဘဲ မီတာဖတ်နိုင်ပါတယ်” ဟု အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကဆို သည်။ မီတာဂဏန်းများသည် (၈) လုံးပါဝင်ပြီး ဒဿမ (၃) နေရာအထိ တိကျစွာဖတ်ရှုနိုင်ကြောင်း သိရသည်။ မီတာနှင့်မီတာဖတ် Hand Held Unit (H.H.U) အကြား ရေဒီယိုလှိုင်းနှုန်း  433 MHz အသုံးပြု ဆက်သွယ်ထားကြောင်း၊ မီတာတည်ဆောက်မှုနည်းပညာသည် Offsite Meter Reading (OMR) စနစ်ဖြစ်ပြီး ကိုရီးယားနည်းပညာဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ထုတ်လုပ်ကြောင်း သိရသည်။ ဆက်လက်၍ အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးဦးမြင့်အောင်က “ဒီနည်းစနစ်က နောက်ပိုင်းကျရင် မီတာဖတ်လိုသူက မီတာနဲ့ သတ်မှတ်အကွာအဝေးအထိတောင် လာစရာမလိုဘဲ McWill လို FTTH လိုချိတ်ဆက်စရာ အင်တာနက်လိုင်းတွေနဲ့ပါချိတ်ဆက်ပြီး အွန်လိုင်းပေါ်က မီတာယူနစ်ကို လှမ်းဖတ်လို့ရအောင်အထိ ဆောင်ရွက်ထားပါတယ်” ဟု ထပ်မံပြောကြားသည်။ Analog လျှပ်စစ်မီတာနေရာတွင် Digital လျှပ်စစ်မီတာများ အစားထိုးတပ်ဆင်ရာတွင် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကသာ ကျခံဆောင်ရွက်ပေးပြီး မီးသုံးစွဲသူများထံမှ ငွေထပ်မံ တောင်းခံခြင်းမပြုကြောင်းနှင့် အခြားမြို့ကြီးများတွင်လည်း တပ်ဆင်မည်ဖြစ်ကြောင်းသိရသည်။

ရေးသားသူ -ကျော်ဇေယျ
Internet Journal

No comments:

Post a Comment