Thursday, 16 August 2012

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဦးသန့်၏ ဘ၀ဖြတ်သန်းမှုအား မှတ်တမ်းဇာတ်ကား အဖြစ် ဒါရိုက်တာဝိုင်း ရိုက်ကူးမည်



e5204 ကုလသမဂ္ဂ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးသန့်၏ ဘ၀ဖြတ်သန်းမှုအား မှတ်တမ်းဇာတ်ကား အဖြစ် ၂၀၁၃ ခုနှစ်တွင် ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးဖန်တီးသွားမည်ဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများအတွက် တစ်နှစ်ကာလ အချိန်ယူပြင်ဆင်သွားမည်ဟု သိရှိရသည်။ ဦးသန့်သည် ၁၉၆၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးရာထူးတွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။ “ကျွန်တော့်ကို ဦးသန့်ရဲ့သမီး ဖြစ်သူဒေါ်အေးအေးသန့်က မှတ်တမ်း ဇာတ်ကားရိုက်ကူးဖို့ အကူအညီ တောင်းခံခဲ့တာပါ။ မြန်မာနိုင်ငံကို ကမ္ဘာကသိတဲ့သူ သုံးဦးပဲရှိပါတယ်။ ဦးသန့်ရယ် ဗိုလ်ချုပ်အောင်ဆန်းရယ် ဒေါ်အောင်ဆန်းစုကြည်ရယ်ပါ။အဲဒီ သုံးဦးအနက်က မှတ်တမ်းဇာတ်ကားရိုက်ဖို့ ကျန်တာဦးသန့်တစ်ဦးပဲ ကျန်ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ လက်ခံလိုက်တာပါ။ ဒီလို ကမ္ဘာကသိတဲ့ ခေါင်းဆောင်တစ်ယောက်ကို မှတ်တမ်းဇာတ်ကား ရိုက်ကူးဖို့ဆိုတာ ကျွန်တော့်အတွက် အင်မတန် တာဝန်ကြီးပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ၂၀၁၃ သြဂုတ်လ အထိ ပြင်ဆင်ချိန် တစ်နှစ်ယူထားပါတယ်။ နောက်နှစ်သြဂုတ်လမှာ အမေရိကားကို သွားရောက်ပြီး ရိုက်ကူးမှာပါ။ ဒီတစ်နှစ်တာ ကာလအတွင်းမှာတော့ ပြင်ဆင်စရာရှိတာအားလုံး ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်” ဟု အဆိုပါ မှတ်တမ်းဇာတ်ကားအား ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက ရှင်း ပြခဲ့သည်။

ထို့အပြင် မှတ်တမ်း ဇာတ်ကား အတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်၍ “၂၀၁၃ ခုနှစ် ဇန်န၀ါရီလကိုတော့ ဦးသန့်နဲ့ပတ်သက်တဲ့အချက်အလက် အားလုံးကို စုစည်းပြီး ကျွန်တော်ရိုက်ကူးတင်ပြမယ့် ပုံစံကို story  အကြမ်းရေး တင်ပြသွားမှာပါ။ ဒေါ်အေးအေးသန့်တို့ဘက်က အဆင်ပြေမယ်ဆိုရင်တော့ သြဂုတ်လမှာ အမေရိကန်နိုင်ငံ နယူးရော့ခ်ကိုသွားရောက်ပြီး documentary သင်တန်း တစ်ခု တက်ရောက်ပါမယ်။ အဲဒီ သင်တန်းတက်ပြီးမှ မှတ်တမ်းဇာတ်ကားကို ရိုက်ကူးဖြစ်မှာပါ။ အဲဒီမှာပဲ တစ်ခါတည်းရိုက်ပြီး edit လုပ်ကားဆက်ပြီးမှ ပြန်လာဖြစ်မှာပါ။ အဓိက ကတော့ ကမ္ဘာကလေးစားရတဲ့ ခေါင်းဆောင်တစ်ယောက်ကို အခုခေတ် ကျောင်းသားလူငယ်တွေ လေးစား အတုယူနိုင်အောင်၊ အားကျနိုင်အောင် ဦးတည်ရိုက်ကူးဖြစ်မှာပါ။ ကျွန်တော့်အနေနဲ့က documentary ပိုင်း မှာအရမ်းကျွမ်းကျင်တဲ့ အဆင့်လည်း မရှိသေးတဲ့အတွက် ဒီကြားထဲမှာပြည်တွင်းမှာလည်း သင်တန်းတစ်ခုတက် ဖြစ်ပါမယ်။ လိုအပ်ချက်တစ်ခုလို့ ဆိုရမယ့် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုအတွက်လည်း လေ့လာဖြစ်မှာပါ” ဟု ဒါရိုက်တာဝိုင်းက ဆက်လက်ရှင်းပြခဲ့သည်။
ဦးသန့်၏ မှတ်တမ်းဇာတ်ကား တွင် အသုံးပြုရန်အတွက် ငယ်ဘ၀ဖြတ်သန်းမှုပုံရိပ်များကို ရှာဖွေစုဆောင်းသွားမည်ဖြစ်ပြီး လိုအပ်ပါက အစိုးရထံမှလည်း မှတ်တမ်းအချက် အလက်အချို့ကို တင်ပြတောင်းခံသွားမည်ဟု သိရှိရသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့စဉ်က မှတ်တမ်းများမှာ မူရှိပြီးဖြစ်သည်ဟု သိရှိရသည်။ မှတ်တမ်းဇာတ်ကားရိုက်ကူးမှု ပထမဆင့် အဖြစ် ဦးသန့်၏နေအိမ်သို့ မှတ်တမ်းသွားရောက်ရိုက်ကူးမှုကို ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။ မှတ်တမ်းဇာတ်ကား ရိုက်ကူးပြီးစီးပါက ပြည်တွင်းရှိကျောင်းများတွင် ပြသနိုင်ရန်စီစဉ်သွားမည်ဟု သိရှိရသည်။
 EMG

No comments:

Post a Comment