Sunday, 26 August 2012

အင်ပါယာစတိတ် အဆောက်အအုံရှေ့တွင် သေနတ်ပစ်ခတ်မှုကြောင့် နှစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရရှိ




သြဂုတ်လ ၂၄ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားရာ အင်ပါယာစတိတ် အဆောက်အအုံအနီးတွင် လုံခြုံရေးချထားစဉ်
အမေရိကန်နိုင်ငံ နယူးယောက် မြို့ရှိ အင်ပါယာစတိတ်အဆောက် အအုံရှေ့တွင် သြဂုတ်လ ၂၄ ရက်နေ့က မကျေမနပ်ဖြစ်နေသော အလုပ်သမားဟောင်းတစ်ဦးက အတူအလုပ်လုပ်ခဲ့သူနှင့် အချင်းများခဲ့ရာမှ သေနတ်နှင့် ပစ်သတ်ခဲ့ပြီးနောက် ရဲများနှင့်ဆက်လက်၍ သေနတ်ပစ်ပွဲ ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး အနည်းဆုံးလူ ရှစ်ဦးဒဏ်ရာရခဲ့သည်။
ဂျပ်ဖရီဂျွန်ဆင်အမည်ရှိ အသက် ၅၈ နှစ်အရွယ်ရှိ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း သေဆုံးခဲ့ပြီး ရဲများနှင့်ဂျွန်ဆင်တို့ ပစ်ခတ်မှုဆက်လက်ဖြစ်ပွားရာမှ ဂျွန်ဆင်လည်း သေဆုံးခဲ့ခြင်းဖြစ်သည်။
ဂျွန်ဆင်သည် ပြီးခဲ့သည့်နှစ်က ဟဇန်သွင်းကုန်လုပ်ငန်းတွင် အမျိုးသမီးအသုံးအဆောင် ဒီဇိုင်နာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သော ရဲအရာရှိ နှစ်ယောက်အား မန်ဟက်တန်ဆေးရုံသို့ ပို့ဆောင်ကုသထားပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားစဉ်က ဂျွန်ဆင်သည် 45-caliber semi-automatic အမျိုးအစား ပစ္စတိုသေနတ်ကို အသုံးပြုခဲ့ပြီး သယ်ဆောင်လာသော လက်ကိုင်အိတ်ထဲသို့ ကျည်ဆန်များ ပိုထည့်လာသေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
မန်ဟက်တန်မြို့သားဖြစ်သော ဂျွန်ဆင်တွင် ပြစ်မှုမှတ်တမ်းတစ်စုံရာမရှိခဲ့သော်လည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။
အင်ပါယာစတိတ် အဆောက်အအုံသည် နယူးယောက်မြို့ရှိ အကျော်ကြားဆုံး မိုးမျှော်တိုက်တစ်ခုဖြစ်ပြီး ခရီးသွားများကို ဆွဲဆောင်သော ထင်ရှားသည့်နေရာတစ်ခုလည်း ဖြစ်သည်။
Ref:CNN
EMG

No comments:

Post a Comment