Sunday, 15 July 2012

အာဇာနည်နေ့ အခမ်းအနား တက်ရောက်ရန် နိုင်ငံရေးပါတီများသို့ ဖိတ်ကြား



၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့တွင် ကျရောက်မည့် (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပမည့် အာဇာနည်ဗိမာန်သို့ တက်ရောက်ရန် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများသို့ ဖိတ်ကြားထားကြောင်း နိုင်ငံရေးပါတီများထံမှ သိရှိရသည်။ ယင်းသို့ ဖိတ်ကြားရာ၌ တစ်ပါတီလျှင် ငါးဦးနှုန်း တက်ရောက်နိုင်ကြောင်း သိရသည်။

“အာဇာနည်နေ့မှာ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကို အာဇာနည် ဗိမာန်တက်ရောက်ဖို့ ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲ ကော်မရှင် က ဖိတ်ကြားထားပါတယ်။ ၂၀၁၀ တုန်းကတော့ ပါတီတစ်ပါတီကို  ခုနစ်ယောက် တက်ခွင့်ရခဲ့တယ်။ ၂၀၁၁ မှာ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။ တကယ်လို့ အဲဒီနေ့မှာ ဂုဏ်ပြု ပန်းခွေ၊ ပန်းခြင်းတွေ ပြုလုပ်မယ်ဆိုရင် ပခုက္ကူ ဓမ္မာရုံကို ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄နာရီ အရောက် ပို့ပေးရမယ်လို့ ပြောပါတယ်။ အခုထိတော့ ဖိတ်စာ မရောက်သေးဘူး။ ဒါကို ဖုန်းနဲ့ လှမ်းအကြောင်းကြားလို့ သိထားတာပါ”ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ)မှ ပြန်ကြားရေးတာ ၀န်ခံဦးလှမြင့်က ဇူလိုင်လ ၁၃ ရက် နေ့တွင် ပြောပါသည်။
၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၉ ရက် တွင် ကျဆုံးခဲ့သော အာဇာနည်များဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်း ဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ ရဲဘော်ကို ထွေးတို့အား အောက်မေ့သတိရဂုဏ် ပြုသောအားဖြင့် အာဇာနည်နေ့ဟူ၍ သတ်မှတ်ခဲ့သည်။ ယခုအခါ (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရန်အတွက် အာဇာနည် ဗိမာန်အား ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိနေသည်။
 EMG

No comments:

Post a Comment