Thursday, 12 July 2012

၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်နိုင်ရန် အမေရိကန် ခွင့်ပြု

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်နိုင်ရန် အမေရိကန်ကုမ္ပဏီများအား ခွင့်ပြုခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု သမ္မတ အိမ်ဖြူတော်၏ ဇူလိုင် ၁၁ ရက်နေ့ ကြေညာချက်အရ သိရသည်။

''အရေးယူပိတ်ဆို့မှုတွေကို ဖြေလျှော့တာဟာ ပြုပြင်ပြောင်းလဲရေးကို ကျွန်တော်တို့ ထောက်ခံတယ် ဆိုတာကို ထင်ထင်ရှားရှားအချက်ပြလိုက်တာပါပဲ။ ဒီလိုဖြေလျှော့မှုဟာ ပြုပြင်ပြောင်းလဲရေးသမားတွေကို မက်လုံးပေးရာရောက်သလို မြန်မာနိုင်ငံကပြည်သူတွေအနေနဲ့လည်း အကျိုးခံစားရစေမှာပါ''ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်သည့်ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။


အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်သိသိ ရင်းနှီးမြှုပ်နှံမှုများ လုပ်ကြရန် ကန့်သတ်မှုများကို ဖြေလျှော့ပေးလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် အမေရိကန်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏လုပ်ဆောင်မှုများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အစီရင်ခံတင်ပြရမည်ဟု အဆိုပါကြေညာချက်အရ သိရသည်။

အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါက နိုင်ငံခြားရေးဌာနသို့ ရက်ပေါင်း ခြောက်ဆယ်အတွင်း အကြောင်းကြားရမည် ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ငါးသိန်းနှင့်အထက် ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများသည် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်အစီရင်ခံအကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပိတ်ပင်တားမြစ်ထားသည့် ပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ဆောင်မှုကိုမူ တားမြစ်ထားဆဲဖြစ်သည်။

အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားသည် မေလ ၁၇ ရက်နေ့တွင် အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားမှုကို လျှော့ပေါ့ကြောင်း ကြေညာခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံတွင် အမေရိကန်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ခြင်းသည် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နောက်ကျနေပြီဖြစ်သည့် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာ ရောက်မည်ဖြစ်သည်။

အမေရိကန်ကုမ္ပဏီများသည် အာရှနှင့် ဥရောပမှ ပြိုင်ဘက်များ မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက်အား လက်ဦးရယူသွားမည်ကို စိုးရိမ်ကြောင့်ကြသည့်အတွက် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် စိတ်ထက်သန် လျက်ရှိနေကြောင်းလည်းသိရသည်။

နာမည်ကျော် အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် ကိုကာကိုလာကုမ္ပဏီသည် နှစ်ပေါင်း ၆၀ ကျော်အတွင်း မြန်မာနိုင်ငံတွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်သည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဇူလိုင် ၁၁ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ၎င်း၏ သံအမတ်ခန့်အပ်လွှာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ခဲ့သည်။

အမေရိကန်သမ္မတ ဘာရက် အိုဘားမားလက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ကာ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့်လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။
EMG

No comments:

Post a Comment