Thursday, 5 July 2012

စာနာနွေးထွေးမှုလက်များ ကမ်းလင့်ခဲ့သည့် ရုပ်ရှင်အနုပညာရှင်တို့၏ စစ်တွေသို့ အလှူခရီးစဉ်


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်မှုအပါအ၀င် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရသူများအတွက် ပြန်လည်လှူဒါန်းရန် ရည်ရွယ်ချက်ဖြင့် အလှူငွေရရှိရန် ကြိုးပမ်းမှုများအား ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။ စည်ကားသည့် ဈေးဝယ်စင်တာများတွင် အနုပညာရှင်များကိုယ်တိုင် အလှူငွေ ကောက်ခံရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက်မရရှိသောကြောင့် ကောက်ခံခွင့်မရခဲ့။ ယင်းအစီအစဉ်အစား ရုပ်ရှင်အစည်းအရုံးတွင်သာ အလှူငွေနှင့် ပစ္စည်းများ လက်ခံဖြစ်ခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့ နံနက် ၅နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အနုပညာရှင်များ တဖွဲဖွဲ ရောက်ရှိလာကြသည်။ အနုပညာရှင်အများစုက ည ၃ နာရီဝန်းကျင်ခန့်အထိ ရခိုင်ပြည်နယ် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖျော်ဖြေပွဲတွင် ပါဝင်ခဲ့သူများ ဖြစ်သည်။ ပင်ပန်းခဲ့ကြသူများဖြစ်သော်လည်း စစ်တွေ အလှူခရီးစဉ်အတွက် လန်းဆန်းတက်ကြွသည့်ခြေလှမ်းများဖြင့် ရောက်ရှိလာကြသည်။ ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလာချိန်တွင်လည်း အနုပညာရှင်များကိုယ်တိုင် ၀င်ရောက်ထမ်းပိုးကူညီခဲ့ကြသည်ကို တွေ့မြင်ရသည်။
ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာချိန်တွင် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်ရှိပြီဖြစ်သည်။ ပါဝင်သည့်အနုပညာရှင်များက ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း ဦးဆောင်သည့် အမှုဆောင်များ၊ သရုပ်ဆောင်နေတိုး၊ ပြေတီဦး၊ မင်းမော်ကွန်း၊ လူမင်း၊ ဝေဠုကျော်၊ ခန့်စည်သူ၊ နေမင်း၊ နေအောင်၊ နန္ဒ၊ မို့မို့မြင့်အောင်၊ မေသဉ္ဇာဦး၊ အိန္ဒြာကျော်ဇင်၊ ၀တ်မှုံရွှေရည်၊ မိုးဟေကို၊ စိုးမြတ်နန္ဒာ၊ သင်ဇာဝင့်ကျော်၊ ရတနာမိုင်၊ အေးမြတ်သူ၊ မေကဗျာ၊ ဖူးစုံ၊ ၀ါဝါအောင်၊ ဒါရိုက်တာအိအိခိုင်၊ ဒါရိုက်တာကြည်ဖြူသျှင် စသူတို့ လိုက်ပါခဲ့ကြသည်။ စစ်တွေလေဆိပ်သို့ နံနက် ၈နာရီ မိနစ် ၃၀ ခန့်တွင် ရောက်ရှိသွားခဲ့သည်။ စစ်တွေလေဆိပ်မှ စစ်တွေမြို့တော်ခန်းမသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အလှူငွေ ကျပ်သိန်းကိုးရာနှင့် ထောက်ပံ့ပစ္စည်း ၉၂ ထုပ်အား လှူဒါန်းခဲ့သည်။
ထို့နောက် ရဲကျော်သူ ကယ်ဆယ်ရေးစခန်းသို့ စတင်သွားရောက်ခဲ့သည်။ ကယ်ဆယ်ရေးစခန်း၏ ၀င်ပေါက်တွင်ပင် ပရိသတ်အပြည့် စောင့်ဆိုင်းနေခဲ့ပြီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ အနုပညာရှင် တစ်ဦးချင်းစီက စာနာနွေးထွေးမှုကိုယ်စီဖြင့် အားပေးစကား များပြောကြားရင်း နှုတ်ဆက်ခဲ့ကြရာ၌ ၎င်းတို့၏ ဒုက္ခအသီးသီးကိုပင် တဒင်္ဂမေ့လျော့ကာ ပီတိအပြုံးကိုယ်စီနှင့် ရှိနေခဲ့သည်။ ရဲကျော်သူ ကယ်ဆယ်ရေးစခန်းတွင် ငွေကျပ်သိန်းငါးဆယ်နှင့် ထောက်ပံ့ပစ္စည်းအထုပ် ၂၀ အား လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဆင်ကူးလမ်း၊ ရွာကြီးမြောက်အမက၊ ရွှေစေတီကျောင်း၊ ပဒုမ္မာအောင်မြေကျောင်း၊ ဗုဒ္ဓောမော်ကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ မင်းဂံအလက၊ မင်းဂံဓမ္မာရုံစသည့် ကယ်ဆယ်ရေးစခန်းများသို့ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ဆက်လက်သွားရောက်လှူဒါန်းခဲ့သည်။ ကယ်ဆယ်ရေးစခန်း တစ်ခုပြီးတစ်ခု မရပ်မနား သွားရောက်ခဲ့ပြီး စခန်းတိုင်းတွင် ကြိုတင်စောင့်ဆိုင်းနေသည့် ပရိသတ် အမြောက်အမြားကို နှုတ်ဆက်အားပေးရင်း ဖြတ်သန်းခဲ့ကြရသည်။ စိတ်ရောလူပါ ပင်ပန်းနေကြသော်လည်း ပီတိပြုံးကိုယ်စီနှင့် အနုပညာရှင်များအားလုံး တက်ကြွနေကြသည်။ ကယ်ဆယ်ရေးစခန်းကိုးခုလုံးသို့ လှူဒါန်းပြီးချိန်တွင် မွန်းလွဲ ၂ နာရီ ၀န်းကျင်ခန့်ဖြစ်ပြီး ကစ္ဆပနဒီထမင်းဆိုင်သို့ သွားရောက်ခဲ့ကြသည်။ ဆိုင်၏ အပြင်ဘက်တွင် ကြိုတင်စောင့်ဆိုင်းနေကြသည့် ပရိသတ်များကို ဖြတ်ကျော်ပြီးမှသာ ထမင်းစားခေတ္တနား ကြသည်။ ထို့နောက် မီးလောင်ပျက်စီးမှု ကြုံတွေ့ခဲ့ရသည့် ဗီဒီယိုလုပ်ငန်းရှင်များကိုလည်း ယင်းဆိုင်တွင်ပင် အလှူငွေ ပေးအပ်ခဲ့ကြသည်။
စစ်တွေလေဆိပ်တွင်လည်း နာရေးကူညီမှုအသင်း၊ ရဲတပ်ဖွဲ့၊ ABC ကလေးသူငယ်စောင့်ရှောက်ရေး၊ ပြည်သူ့ဆေးရုံများသို့ အလှူငွေများ ထပ်မံလှူဒါန်းခဲ့ကြသည်။ စစ်တွေလေဆိပ်မှ ပြန်လည်ထွက်ခွာလာချိန်တွင် ညနေ ၆ နာရီကျော်နေခဲ့ပြီ။ လေယာဉ်ပေါ်မှ စစ်တွေမြို့၏ အပေါ် စီးမြင်ကွင်းကို ငေးမောကြည့်ရင်း အနုပညာရှင်တို့၏ စာနာနွေးထွေးသည့် တွဲလက်များက ထိခိုက်နာကျင်ခဲ့ရသည့် ရခိုင်လူမျိုးများအတွက် နှစ်သိမ့်အားပေးမှု၊ ဖေးမမျှဝေမှုခံစားချက်များ ပေးစွမ်းစေခဲ့သည်က သေချာလို့နေပေသည်။
EMG

No comments:

Post a Comment