Thursday, 12 July 2012

ဟီလာရီကလင်တန် လာအိုသို့ သမိုင်းဝင်ခရီးစဉ် သွားရောက်လည်ပတ်




လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် Ho Phra Keo ဘုရားကျောင်းတွင် လည်ပတ်နေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် Photo: AFP
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဇူလိုင်  လ ၁၁ ရက်နေ့က လာအိုနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ ၅၇ နှစ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံး လာအိုခရီးစဉ်ဖြစ်လာခဲ့သည်။
အငြင်းပွားဖွယ် ရေအားလျှပ်စစ် ဆည်စီမံကိန်းတစ်ခုနှင့် ဗီယက်နမ် စစ်ပွဲဆိုးမွေများကို ဖြေရှင်းပေးရေးကိစ္စများကို ကလင်တန်၏ ခရီးစဉ်က အဓိက အာရုံစိုက်ခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်း အမေရိကန် တပ်ဖွဲ့ဝင်များသည် မြောက်ဗီယက်နမ် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းကို ဖြတ်တောက်ရန်အတွက် ဗုံးကြဲစစ်ဆင်ရေး ၅၈၀၀၀၀ ခန့် ဆောင်ရွက်ခဲ့ရာ လာအိုကို ဗုံးတန် နှစ်သန်းကျော် ကြဲချခဲ့သည်။ ထိုအထဲမှ ၃၀ ရာခိုင်နှုန်းခန့်မှာ မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့သည်။ လာအို၏ ပြည်နယ် ၁၇ ခုစလုံးတွင် မပေါက်ကွဲ သေးသည့်ဗုံးများ ကျန်ရှိနေဆဲဖြစ်ပြီး လာအိုသည် ကမ္ဘာတွင် ဗုံးကြဲအခံရဆုံးနိုင်ငံအဖြစ် ရှိနေဆဲဖြစ်သည်။

ဗီယက်နမ်စစ်ပွဲ ပြီးဆုံးပြီးနောက် ဆယ်စုနှစ် သုံးစုကျော်ကြာသည်အထိ လာအိုသည် အဆိုပါဗုံးများကို ရှင်းလင်းရန် ကြိုးပမ်းနေရဆဲဖြစ်သည်။ လာအိုတွင် တစ်နှစ်လူ ၁၀၀ ခန့်သည် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးနေရဆဲဖြစ်သည်။
ကလင်တန်သည် လာအိုနိုင်ငံ၌ လေးနာရီကြာ ရပ်နားခဲ့ပြီး လာအိုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ကာ ဆက်ဆံရေး တိုးတက်စေရန် ကြိုးပမ်းခဲ့သည်။ ကလင်တန်သည် လာအိုဝန်ကြီးချုပ် သောင်ဆင်းသန်မာဘောင်နှင့် တွေ့ဆုံခဲ့ပြီး လာအိုနိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ၀င်ရောက်ရေးအတွက် ဆွေးနွေးနေကြသည်။ ၁၉၅၅ ခုနှစ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖော်စတာဒါးလက်စ်သည် လာအိုသို့ တစ်ရက်ကြာ သွားရောက်လည်ပတ်ခဲ့သည့်နောက်ပိုင်း ကလင်တန်သည် လာအိုသို့ လာရောက်လည်ပတ်သည့် ဒုတိယမြောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။
လာအို နိုင်ငံခြားရေးဝန်ကြီး ဆီဆိုလစ်သည် ၂၀၁၀ ပြည့်နှစ်က ၀ါရှင်တန်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ကလင်တန်ကိုလာအိုသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ သည်။ လာအိုနှင့် အမေရိကန်သည် ၂၀၀၄ ခုနှစ်က ပုံမှန်ကုန်သွယ်ရေး စတင်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာသန်း ၃၀ ခန့်အထိ ရှိလာမည်ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။  
Ref:AFP
EMG

No comments:

Post a Comment