Friday, 27 July 2012

အကျင့်ပျက်ခြစားမှုတွင် မိသားစုဝင်နှင့် အစိုးရအတွင်းစည်းပါဝင်နေသည့်အတွက် လီမြောင်ဘတ်တောင်းပန်




လီမြောင်ဘတ်က မိန့်ခွန်းမှတစ်ဆင့် နိုင်ငံသို့ တောင်းပန်မှုကို ဇူလိုင်လ ၂၄ ရက်က ထုတ်လွှင့်ပေးစဉ် Photo: AFP
မကြာသေးမီက ထွက်ပေါ်လာခဲ့သော အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများအတွင်း သူ၏ မိသားစုဝင်များနှင့် အစိုးရအတွင်းစည်းလူများ ပါဝင်နေခြင်းအတွက် ပြည်သူများကို ဇူလိုင်လ ၂၄ ရက်တွင် တောင်ကိုရီးယားသမ္မတက တောင်းပန်ခဲ့သည်။
အကျပ်အတည်းဖြစ်နေသော ကိုရီးယားဘဏ်နှစ်ခုနှင့် ပတ်သက်သည့် အကျင့်ပျက်ခြစားမှု စွဲချက်များကြောင့် သမ္မတလီမြောင်ဘတ်၏ အစ်ကိုဖြစ်သူ Lee Sang-deuk သည် ယခုလဆန်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ ယင်းကိုရီးယား ဘဏ်နှစ်ခုထံမှပင် လာဘ်ထိုးမှုများ လက်ခံခဲ့သည်ဟု သံသယရှိမှုဖြင့် လီအစိုးရ၏ အတွင်းစည်းလူနှစ်ဦးကို ဖမ်းဝရမ်းထုတ်ရန် အစိုးရရှေ့နေများက ယခုသီတင်းပတ်တွင် ပြင်ဆင်နေကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

လီက နိုင်ငံသို့ မိန့်ခွန်းပြောကြားမှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
''ကျွန်တော်သမ္မတရာထူးကို လက်ခံချိန်မှာ သန့်ရှင်းတဲ့ နိုင်ငံရေးဝန်းကျင် ဖော်ဆောင်ဖို့ ခိုင်မာတဲ့ သံန္ဒိဌာန် ချထားခဲ့ပါတယ်''ဟု လီက ပြောကြားခဲ့သည်။ မိမိ၏ ပိုင်ဆိုင်မှုအားလုံးကို လူမှုရေးအတွက် ပြန်ပေးခြင်းနှင့် လစာများကို လှူဒါန်းခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ကြိုးစားခဲ့ကြောင်း၊ ယင်းအတွက် ရလဒ်ကောင်းများ ဆောင်ကြဉ်းနိုင်ခဲ့သည်ဟူသော အတွေးဖြင့် ဂုဏ်ယူနေခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော် ယင်းရှက်ဖွယ်အရှုပ်တော်ပုံများတွင် မိမိနှင့်အနီးစပ်ဆုံး လူများပါဝင်နေကြောင်း သိရသောအခါ ၀မ်းနည်းကြေကွဲရပြီး ခေါင်းမဖော်နိုင်တော့ကြောင်း၊ ယင်းအမှားအယွင်းအားလုံးမှာ မိမိကြောင့်သာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတက ပြောကြားခဲ့သည်။ မည်သည့် ဝေဖန်မှုကိုမဆို ချိုမြိန်ပါက လက်သင့်ခံသွားမည်ဖြစ်ကြောင်း ယင်းမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
သမ္မတဟောင်း နိုမူဟွန်းမှာ အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရစဉ် ၂၀၀၉ ခုနှစ်တွင် ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။ သမ္မတဟောင်း ကင်ဒေးဂျုံ၏ သားသုံးဦးမှာလည်း အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသည်။    
Ref:AFP
EMG

No comments:

Post a Comment