Friday, 6 July 2012

ဆဲဗင်း ဇူလိုင် နှစ်(၅၀) ပြည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးတွင် ပြုလုပ်မည်

သမိုင်းဝင် တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ ဖောက်ခွဲခံခဲ့ရခြင်း နှစ် (၅၀) ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးတွင် ဇူလိုင်လ ၇ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ဦးကျော်ကိုကိုက The Voice Weekly သို့ ပြောကြားသည်။
ယင်းအောက်မေ့ဖွယ် အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပရန် စီစဉ်ခဲ့ သော်လည်း သက်ဆိုင်ရာက ခွင့်မပြုခဲ့ကြောင်း ၎င်းထံမှ သိရသည်။

“ တော်ဝင်နှင်းဆီမှာ ကျင်းပဖို့ ကျွန်တော်တို့ ပြန်ညှိပါသေးတယ်။ ဘယ်လိုမှ ခွင့်ပြုချက် မပေးလို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ရုံးမှာ ပြုလုပ်သွားမှာပါ” ဟု ဦးကျော်ကိုကိုက ရှင်းပြသည်။

ဇူလိုင် ၇ နေ့သည် နိုင်ငံတော်မှ တရားဝင် ရုံးပိတ်ရက် မဟုတ်သည့် အတွက် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြိုပျက်ခဲ့သည့် အောက်မေ့ဖွယ် အခမ်းအနားကို လုံးဝ ကျင်းပခွင့် ပြုမည်မ ဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနသို့ ပြောဆိုထားသည်။

ကိုလိုနီစနစ်ကို တွန်းလှန် တိုက်ခိုက်ခဲ့သော ဗမာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ခဲ့သည့် ကျောင်းသားသမဂ္ဂနှင့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဦးနေဝင်း အစိုးရ လက်ထက်တွင် ဖြိုဖျက်ခဲ့သည့်အပြင် ကျောင်းသားများကို အစုလိုက် အပြုံလိုက် သတ်ခဲ့သည့် 7 July အဖြစ်အပျက်မှာ ယခုနှစ်တွင် နှစ် ၅၀ ပြည့်ပြီ ဖြစ်သည်။
Voice Weekly

No comments:

Post a Comment