Tuesday, 3 July 2012

ရိုးရိုးယဉ်ယဉ် တို့ဝတ်ဆင်(လှမြင့်(ရန်ကုန်တက္ကသိုလ်))

သရုပ်ပျက် ၀တ်စားဆင်ယင်မှုဖြင့် မြန်မာတို့၏ အလှ၊ ယဉ်ကျေးမှု၊ ဣနြေ္ဒနှင့် သိက္ခာတို့ကို မဖျက်ဆီးသင့်ပေ။ ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့်အတယ်များကို ဖော်ဆောင်ကြရမည်မှာ မြန်မာလူငယ်တို့၏ တာဝန်ဟု ထင်မြင်မိပါသည်  . . .



ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှုစရိုက်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းမှုတစ်ရပ် ဖြစ်သည်။ မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုရေးနယ်ပယ်တွင် လက်ခံထားသော သိမ်မွေ့ပြေပြစ် နှစ်သက်ဖွယ်၊ မြန်မာမှုအမွေဖြစ်သည်။  ရိုးသား ခြင်းဟူသည် အစဉ်အမြဲ တင့်တယ်၊ တန်ဖိုးရှိသည်။ ယဉ်ကျေးမှုဟူသည် လူ့တန်ဖိုး အနှစ်သာရဖြစ်သည်။ အစဉ်အမြဲ တင့်တယ်၍ ယဉ်ကျေးမှု အနှစ်သာရ ပြည့်စုံသော ရိုးရိုးယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှု အဖွဲ့အစည်းတွင် မည်သည့်အချိန်၊ မည်သည့် ခေတ်ကာလတွင်မဆို မရိုးနိုင်သော ဆန်းသစ်နေသည့် အ၀တ်အဆင်ဖြစ်သည်။

အ၀တ်ဝတ်ဆင်ခြင်းဟူသည် လူ့ယဉ်ကျေးမှု ဖြစ်သည်။ လူ့တန်ဖိုး ဖြစ်သည်။ လူတို့၏ အရေးသုံးရပ်တွင် စားရေး၊ ၀တ်ရေး၊ နေထိုင်ရေးဟုရှိသည့်အနက် အ၀တ်အဆင်သည်လည်း အဓိက အရေးပါသော အကြောင်းတစ်ရပ် ဖြစ်သည်။ ၀တ်ရေးဟူသော အ၀တ်အဆင်သည် အသိဉာဏ်ရှိသော လူသားတို့အတွက် ပဓာနကျသည်။ ၀တ်ရေးဟူသော အ၀တ်အဆင်မရှိလျှင် လူသားသည် တိရစ္ဆာန်နှင့် မခြားနားတော့ပေ။ အ၀တ်အဆင်သည် အရှက်အကြောက်တရားနှင့် ဆိုင်သည်။ အရှက်အကြောက် တရားကို ဖုံးလွှမ်းရန် အ၀တ်အဆင်ကို ဆင်မြန်းရသည်။ ထို့ကြောင့် အ၀တ်ဝတ်ဆင်ခြင်းဟူသည် 'ဟီရိနှင့် သြတ္တပ္ပ'ဟူသော အရှက်နှင့် အကြောက်တရားနှစ်ပါး ကို ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း ဖြစ်သည်။ လူသားတို့တွင် အ၀တ်အဆင်သည် ပဓာနကျသောကြောင့် 'တောင်းမှာအကွပ် လူမှာအ၀တ်' ဟူသော ဆိုရိုးစကားပြု၍ လမ်းညွှန်ဆုံးမခဲ့သည်။
လူသားတို့တွင် အ၀တ်အဆင်သည် အရေးပါသည်။ အသိဉာဏ်ဟူသည် ရှက်စိတ်ဟူသော ဗီဇကို အရင်းတည်သည်။ ရှက်စိတ်ဟူသော ဗီဇမျိုးစေ့ကြောင့် လူသည် အရှက်ကို လုံခြုံအောင် အ၀တ်အဆင်ပြုသည်။ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အတူ အ၀တ်အဆင် သည်လည်း တိုးတက်ဖွံ့ဖြိုးလာသည်။ ကျောက်ခေတ်လူသားသည် သစ်ရွက်၊ သစ်ခက်၊ သားရေနွယ်တို့ကို ၀တ်ဆင်ခဲ့ပြီး အရှက်တရားကို ထိန်းသိမ်းခဲ့သည်။ ထို့နောက် ချည်ထည်၊ ပိုးထည် စသည်တို့ကို ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ၀တ်ဆင်ခဲ့ကြသည်။ နိုင်ငံအသီးသီး၊ လူမျိုး အသီးသီးတို့တွင် ကိုယ်ပိုင်ရိုးရာအ၀တ်အဆင်ဟူ၍ ရှိကြစမြဲဖြစ်သည်။
အနောက်တိုင်းတွင်လည်း အနောက်တိုင်း ရိုးရာဝတ်စုံ၊ အရှေ့တိုင်းတွင်လည်း အရှေ့တိုင်းရိုးရာဝတ်စုံဟူ၍ သတ်မှတ်ဝတ်ဆင်ကြသည်။ မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားလူမျိုးတို့သည် မိမိတို့၏ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုကို အခြေခံသော တိုင်းရင်းသားအ၀တ်အဆင်များကို ၀တ်ဆင်ကြသည်။ ထို့ကြောင့် အ၀တ်အဆင်သည် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ဖော်ဆောင်သည်။ နိုင်ငံကြီးသားပီသသူတိုင်းသည် မိမိတို့၏ နိုင်ငံနှင့်လူမျိုး၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ အခြေခံသော ၀တ်ဆင်မှုကို အလေးအမြတ်ပြု၊ တန်ဖိုးထား ၀တ်ဆင်ကြသည်။ အ၀တ်အဆင်သည် လူမျိုး၏အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုနေသည်။
အ၀တ်အဆင်နှင့် လူမျိုးယဉ် ကျေးမှုသည် ဆက်နွှယ်နေသည်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ရာသီဥတု၊ ရေမြေသဘာဝ၊ ရိုးရာဓလေ့ထုံးစံများနှင့်အညီ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် လိုက်လျောညီထွေရှိစေသည့် အ၀တ်အဆင်များကို သတ်မှတ်ဝတ် ဆင်ခဲ့ကြသည်။ ပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။ အပူပိုင်းဒေသအရပ်များတွင် အပူပိုင်းရာသီဥတုနှင့် လိုက်လျောညီထွေရှိသော အ၀တ်အထည်များ၊ အေးမြသော အ၀တ်အထည်များကို ၀တ်ဆင်လေ့ရှိသည်။ ထိုနည်းတူ အအေးပိုင်းအရပ်ဒေသများတွင် အအေးပိုင်းရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော အ၀တ်အထည် အထူအထဲများကို ၀တ်ဆင်လေ့ရှိကြသည်။ တစ်နည်းဆိုရသော် အ၀တ်အဆင်ဟူသည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက် ဖုံးလွှမ်းလုံခြုံအောင် တန်ဆာဆင်မှုဖြစ်သည်။ သို့သော် ခေတ်၏ ယဉ်ကျေးမှု၊ ခေတ် ရေစီးကြောင်းနှင့်အညီ အ၀တ်အဆင် သည် ပြောင်းလဲခဲ့သည်။ တိုးတက်ခဲ့သည်၊ ဆန်းကြယ်ခဲ့သည်။ အ၀တ်အဆင်သည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက် ဖုံးလွှမ်းရန်အနေအထားမှ ခေတ်ယဉ်ကျေးမှုအရ လှပတင့်တယ်ရေးကို အလေးထား ၀တ်ဆင်လာခဲ့ကြသည်။ အ၀တ်အဆင်သည် လူတို့၏ အဆင်တန်ဆာတစ်မျိုး ဖြစ်လာသည်။

သရုပ်ပျက် ၀တ်စားဆင်ယင်မှုဖြင့် မြန်မာတို့၏ အလှ၊ ယဉ်ကျေးမှု၊ ဣနြေ္ဒနှင့် သိက္ခာတို့ကို မဖျက်ဆီးသင့်ပေ။ ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့်အတယ်များကို ဖော်ဆောင်ကြရမည်မှာ မြန်မာလူငယ်တို့၏ တာဝန်ဟု ထင်မြင်မိပါသည်  . . .
အ၀တ်အဆင်သည် လူမျိုးရေး လက္ခဏာကိုလည်း ဖော်ဆောင်သည် မြန်မာ့သမိုင်းကြောင်းကို လေ့လာလျှင် မြန်မာလူမျိုးတို့၏ အ၀တ်အဆင်သည် မြန်မာ့အမျိုးသားရေးလက္ခဏာကို ဖော်ဆောင်နေသည်။ ရှေးခေတ်အဆက်ဆက်၌ မြန်မာအမျိုးသားတို့သည် သျှောင်ထုံးသည်၊ အင်္ကျီလက် ရှည်ဝတ်သည်။ တောင်ရှည်ပုဆိုး ၀တ်သည်။ မြန်မာအမျိုးသမီးတို့သည် ဆံထုံးထုံးသည်။ ဖျင်အင်္ကျီ ၀တ်သည်။ ထဘီဝတ်သည်။ ထို့ကြောင့် မြန်မာတို့၏ အမျိုးသားရေး လက္ခဏာဆောင်သောအ၀တ်အထည်  ဟူသည် ကမ္ဘာတွင် ယောက်ျားဟူ သည် ပုဆိုးဝတ်၍ မိန်းမဟူသည် ထဘီဝတ်သည်ဟူသော ကိုယ်ပိုင် ၀တ်စားဆင်ယင်မှု ၀ိသေသ ဂုဏ်ပုဒ်ဖြင့် ထင်ရှားခဲ့သည်။ ယနေ့တိုင် အာရှနိုင်ငံများတွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု အ၀တ်အဆင် ထိန်းသိမ်းထားသော နိုင်ငံနှင့်လူမျိုးမှာ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးဖြစ်သည်ဟု ကြွေး ကြော်နိုင်ဆဲ ဖြစ်သည်။
မျက်မှောက်ခေတ်တွင် ခေတ်ရေစီးကြောင်းနှင့်အညီ တိုင်းတစ်ပါး ယဉ်ကျေးမှုသည် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်အတွင်းသို့ တစိမ့်စိမ့် စီးဝင်ပျံ့နှံ့ ထိုးဖောက်ဝင်ရောက်လျက်ရှိ နေသည်။ ယင်းသို့ စိမ့်ဝင်ပျံ့နှံ့ရောက်ရှိနေသော တိုင်းတစ်ပါး ယဉ်ကျေးမှုများကို ကာကွယ်စောင့် ရှောက်ရန်နှင့် မြန်မာ့ရိုးရာ ဘေးဘိုးအစဉ်အဆက်၊ ယဉ်ကျေးမှု အမွေအနှစ်အ၀တ်အဆင်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အထူးအရေးကြီးပေသည်။ မြန်မာစာ ပါမောက္ခဆရာကြီးဦးဧမောင် (တက္ကသိုလ်မောင်သန့်စင်) ၏ အမျိုးသား ယဉ်ကျေးမှုဆောင်းပါးတွင် မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်အတွင်းသို့ တိုင်းတစ်ပါးယဉ်ကျေးမှု ကူးစက်လာနေမှုနှင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သင့်မှုတို့ကို 'နိုင်ငံခြားယဉ်ကျေးမှုနှင့် ကျွန်ုပ်တို့ အမျိုးသားယဉ်ကျေးမှုတို့မှာ ရောထွေးယှက်တင်ဖြစ်ကာ အောက်ကလိအာ-အာကလိအောက် ဆိုသကဲ့သို့ ကျီးမရောက် ကြက်မမြောက်ဘဲ မဖွယ်မရာ၊ မတော်မလျော် ဖြစ်နေသည်။

ဤခေတ်သည် အသိဉာဏ်ကျက်စားရာ စာအုပ်စာတမ်းများ၊ ရုပ်ရှင်၊ ဇာတ်သဘင်အစရှိသော နိုင်ငံခြားယဉ်ကျေးမှုတို့သည် နေ့စဉ်နှင့်အမျှ ထိုးဖောက်ဝင်ရောက်လျက်ရှိနေရာ ပြည်ထောင်စုသားအပေါင်းတို့သည် မိမိတို့ အမျိုးသားစိတ်ဓာတ်၊ မိမိတို့ အမျိုးသားသဘောတရားတို့နှင့် ဖီလာကန့်လန့်ဖြစ်နေသော ယဉ်ကျေးမှုမျိုးကို ရှောင်ရှားပယ်ခွါနိုင်ကြပါစေ'ဟူ၍ သတိပေး နှိုးဆော်ရေးသား တင်ပြခဲ့သည်။
ထိုသို့ ခေတ်ရေစီးကြောင်းနှင့် အတူစီးဝင်နေသော တိုင်းတစ်ပါး ယဉ်ကျေးမှု အ၀တ်အဆင်များကို မြန်မာလူမျိုး၊ အထူးသဖြင့် လူငယ်တို့သည် လိုအပ်သည်ထက် လွန်ကဲစွာ မြန်မာ့ယဉ်ကျေးမှု သွေဖွည်သော ၀တ်စားဆင်ယင်မှုမျိုး မပြုသင့်ပေ။ ခေတ်ဟူသော ရေစီးကြောင်းသည် တသွင်သွင် စီးဆင်းနေသည်မှန်သော်လည်း ခေတ်နှင့်အညီ သရုပ်ပျက် ယဉ်ကျေးမှုမဲ့ အ၀တ်အဆင်များကို အလေးထား ၀တ်ဆင်နေမှုထက် မြန်မာ့လူနေမှုစနစ်၊ အစဉ်အလာ ယဉ်ကျေးမှုနှင့်လျော်ညီသည့် ခေတ်မီသော အ၀တ်အဆင်များကို ၀တ်ဆင်သင့်ပေသည်။ခေတ်မီခြင်းနှင့် သရုပ်ပျက်ခြင်းတို့သည် အနှစ်သာရခြင်း မတူညီပေ။ ခေတ်မီသော၊ အ၀တ်အထည်များကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ခြင်းသည် ခေတ်လည်းမီသည် ခေတ်နှင့်လည်း ညီသည်။ တင့်တယ်၍ ဣနြေ္ဒလည်း ရပေသည်။ သရုပ်ပျက်သော လည်ဟိုက်၊ ဘေးကွဲ၊ နောက်ကွဲ၊ စကတ် တိုစသော မလုံ့တလုံ ၀တ်စားဆင်ယင်မှုများသည် အမြင်မတော် ဆင်တော်နှင့်ခလောက်ဟူသော ဆိုရိုးကဲ့သို့ လူ၏ ဣနြေ္ဒနှင့်သိက္ခာ၊ တန်ဖိုးတို့ကို ထိပါးကျဆင်းစေသည်။
မြန်မာလူမျိုးတို့သည် မိမိတို့၏ ယဉ်ကျေးမှု အ၀တ်အဆင်ကို တန်ဖိုးထားမြတ်နိုးသူတို့ ဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင် မြန်မာအမျိုးသားနှင့် အမျိုးသမီးဝတ်စုံများကိုသာ အမြတ်တနိုး ၀တ်ဆင်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် အနောက်တိုင်းယဉ်ကျေး မှုကို အထင်ကြီး၍ အတုခိုးဝတ်ဆင်ကာ 'အမေကျော် ဒွေးတော်လွမ်းနေသူများ'ကို ၀ံသာနု အဖွဲ့အစည်းများ၊ မျိုးချစ်ပုဂ္ဂိုလ်များက ဆန့်ကျင် တိုက်ပွဲဝင် ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် မြန်မာအမျိုးသမီးအချို့၏ ပါးလွှာသော မှန်နိုင်လွန်အင်္ကျီများ ၀တ်ဆင်ခြင်း၊ နိုင်ငံခြားပုံစံ အ၀တ်အထည်များ ၀တ်ဆင်ခြင်းတို့ကို မျိုးချစ်စိတ်ရှိသော ကာတွန်းဆရာကြီးများက ရေးဆွဲ သရော်ခဲ့ကြသည်။ အနောက်တိုင်းယဉ်ကျေးမှု အ၀တ်အစားကို အထင်ကြီးလေးစား ၀တ်ဆင်နေသူများကိုလည်း စာရေးဆရာကြီးဦးလတ်သည် ရွှေပြည်စိုးဝတ္ထုတွင် 'မောင် သောင်းဖေ၏ ၀တ်စားဆင်ယင်မှု' ဖြင့် လှောင်ပြောင်သရော် ရေးဖွဲ့ခဲ့သည်။
အ၀တ်အဆင်သည် လူတို့၏ စိတ်နေသဘောထားနှင့် ဆက်စပ်နေသည်။ လူတစ်ဦးချင်း စိတ်နေစိတ်ထားကို အ၀တ်အဆင်ဖြင့် အကဲခတ် ဆုံးဖြတ်နိုင်သည်။ အ၀တ်အဆင်ကို ကြည့်၍ ပေါ့တန်သူ၊ လေးနက်သူ၊ တည်ကြည်သူ၊ မောက်မာပလွှားသူ စသည်ဖြင့် ခန့်မှန်းနိုင်သည်။ အထူး သဖြင့် သရုပ်ပျက်သော၊ အရှက်ကင်းမဲ့သော အ၀တ်အဆင်များသည် လူ့သိက္ခာနှင့်တန်ဖိုးကို လျော့ကျစေသည်။ ခေတ်ဆန်သော၊ ခေတ်ရှေ့ပြေးသော၊ ဣနြေ္ဒသိက္ခာမဲ့သော အ၀တ်အဆင်ထက် ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်မှုသည် တန်ဖိုးရှိသည်။ စိန်ရွှေဆင်၍ မယဉ်၊ ဣနြေ္ဒဆင်မှယဉ် သည်ဟူသော ဆိုရိုးစကားသည် ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်း၏ အနှစ်သာရပင်ဖြစ်သည်။
အ၀တ်အဆင်သည် လူ၏ ဂုဏ်သိက္ခာနှင့် အခြေအနေကို ထင်ဟပ်ဖော်ပြနေသည်။ မြန်မာ့ဆိုရိုးစကားများတွင် 'အသက်နှင့်လူမလုပ် အရှက်နှင့်လူလုပ်သည်' ဟူ၍ ဆိုရိုးရှိသည်။ ယင်းဆိုရိုးသည် မြန်မာတို့၏ အရှက်အကြောက်ကို တန်ဖိုးထားမှု၊ ၀တ်စားဆင်ယင်မှု လော်လီခြင်း မပြုရန် လမ်းညွှန်ချက်ဖြစ်သည်။ စာမရီသားကောင်တို့သည် အမွေးအမှင်ကို ခုံမင်မြတ်နိုးသဖြင့် အသက်အသေခံသည့်နည်းတူ၊ မြန်မာ အမျိုးသမီးတို့သည်လည်း အ၀တ်အဆင်နှင့် ဂုဏ်သိက္ခာကို မလဲလှယ်သင့်ပေ။ အ၀တ်အဆင်သည် လူ့တန်ဖိုးကို ဖော်ပြသည့် မှတ်ကျောက်ဖြစ်သည်။ ပြဒါး တိုင်သဖွယ် ဖြစ်သည်။
လူ့သဘာဝတွင် အကောင်းနှင့်အဆိုးဟူ၍ ရှိနေသည်။ ယဉ်ကျေးခြင်းနှင့် ရိုင်းစိုင်းခြင်းတို့သည်လည်း ဒွန်တွဲနေသည်။ လူသည် အကောင်းမြင်သော၊ ယဉ်ကျေးသိမ်မွေ့သော၊  အကြောင်းအရာများကိုသာ မြတ်နိုးသော သဘောရှိသည်။ အ၀တ်အဆင်တွင်လည်း မြန်မာမှုကို အခြေခံသော မြတ်နိုးသော ရိုးရိုးယဉ်ယဉ်ဝတ်စား ဆင်ယင်မှုနှင့် ခေတ်ရေစီးကြောင်းနှင့်အညီ ပရမ်းပတာဝတ်ဆင်ခြင်းဟူ၍ ဒွန်တွဲရှိနေသည်။ မြန်မာမှုအသိုင်းအ၀န်းနှင့် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်မှုသည် မြန်မာလူမျိုးနှင့် ယဉ်ကျေးမှု အဆင့်အတန်းကို ဂုဏ်တင်ဖော်ညွှန်းနေသည်။

ထို့ကြောင့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုဖြင့် မြန်မာတို့၏ အလှ၊ ယဉ်ကျေးမှု၊ ဣနြေ္ဒနှင့် သိက္ခာတို့ကို မဖျက်ဆီးသင့်ပေ။ ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့်အတယ်များကို ဖော်ဆောင်ကြရမည်မှာ မြန်မာလူငယ်တို့၏ တာဝန်ဟု ထင်မြင်မိပါသည်။
EMG

No comments:

Post a Comment