Wednesday, 11 July 2012

ကိုယ့်အလုပ်ကိုတာဝန်ယူချင်သောအယ်ဒီတာများနှင့် ခဏတာ (ဂျာနယ်အယ်ဒီတာများနှင့် တွေ့ဆုံခြင်း)

  စာပေစီစစ်နှင့်မှတ်ပုံတင်ဋ္ဌာနက သတင်းလွတ်လပ်ခွင့်ပေးတော့မည့်ဟုသတင်းများထွက်ပေါ်လာပြီးနောက်ပြည်တွင်းသတင်း  ဂျာနယ်များမှ စာပေနယ်အတွင်း တာဝန် ထမ်းဆောင်နေကြသောအယ်ဒီတာများအချို့နှင့်တွေ့မေးမြန်းဖြစ်သည် များအား ဖော်ပြအပ်ပါသည်။
 
ဦးမျိုးမြင့်ညိမ်း-တာဝန်ခံအယ်ဒီတာ(INDEPENDENT News Journal)
နဂိုထဲက တာဝန်ခံအယ်ဒီတာတွေက သူ့သတင်းမှာသူ့စာမျက်နှာဖော်ပြတဲ့ သတင်းပဲဖြစ်ဖြစ်ဆောင်းပါးပဲဖြစ်ဖြစ် ဂျာနယ်အနေနဲ့ပြောမယ်ဆိုရင် သူကိုယ်တိုင် တာဝန်ယူနိုင်တဲ့ ကိစ္စတွေမှာပဲ၊ သူကခွင့်ပြုတာပါ ဖော်ပြတာပါ၊  သူ ကိုယ်တိုင်ဘာမှန်းမသိပဲနဲ့ ဘာလုပ်လို့ဘာပြောမှန်းမသိတဲ့ သတင်းမျိုးဆောင်းပါးမျိုး ကဗျာမျိုး ဖော်ပြလေ့ မရှိ ပါဘူး၊
သူ့နေရာကိုက အယ်ဒီတာဖြစ်တဲ့အတွက် သူတာဝန်ယူနိုင်တဲ့ဟာကိုပဲ စာမျက်နှာကိုတင်ပေးတာပါ၊  အဲဒီ ဟာပေါ်မှာ စာပေစီစစ်ရေးက ဒါကတော့ ခွင့်ပြုနိုင်တယ် ခွင့်မပြုနိုင်ဘူး၊ သူတို့ဘက် တာဝန်မယူနိုင်တဲ့ အပိုင်းတွေမှာ ကန့်သတ်တာပါ၊

သူတို့မဖြေရှင်းနိုင်တဲ့ဟာဒါကတော့ အကြောင်းတစုံတရာကြောင့် ကန့်သတ် ခဲ့တာပါ၊ သူတို့တာဝန်မယူနိုင်တော့ဘူးဆိုရင် နဂိုကတည်းက ကိုယ့်ဘာသာကိုယ်တာဝန်ယူရတာပါ။ အဲဒီ အတွက် တာဝန်ယူနိုင်ပါတယ်၊ အဲ့ဒီတာဝန်ယူချင်လို့ကို သူတိှု့ဆီကလွတ်လပ်ခွင့်ကိုလည်း တို့တောင်းတာပဲ၊ ကိုယ်ပြောတဲ့ စကားကို ကိုယ်တာဝန်ယူတယ်၊ ကိုယ်လုပ်တဲ့ အလုပ်ကို တာဝန်ယူချင်တယ်၊ အဲ့ဒီတော့ စာပေစီစစ်ရေးမရှိ တော့ဘူးဆိုတော့ ကောင်းတာပေါ့ စာပေစီစစ်ရေးက မလိုအပ်ပဲရှိနေတဲ့ အဖွဲ့အစည်းပဲ၊ ရှိနေစရာမလိုဘူး၊ သူတို့တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေပင်လျှင် ကျွန်တော်တို့ဟာရှိနေစရာ မလိုတဲ့ အဖွဲ့ အစည်းပဲလို့ သူတို့ ကိုယ်တိုင်ပြောတာပဲ၊ အခြေနေမှန်ကို နားလည်ပြီးသားဖြစ်တယ်၊ အဲဒီတော့ ထွေထွေ ထူးထူးတော့ တစ် ယောက်ချင်းအနေနဲ့ ပြောရရင် အယ်ဒီတာတွေအနေနဲ့ ပိုပြီးတော့ တာဝန်ယူစရာမရှိပါဘူး၊ တာဝန်ယူနိုင်တယ် တာဝန်ခံနိုင်တယ်၊ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို ပြန်ရတယ်ဆိုတော့ စိုးရိမ်စရာမရှိပါဘူး။
 
ဦးကျော်ကျော်မင်း အယ်ဒီတာချုပ် (Weekly Express Times ဂျာနယ်)
တာဝန်ယူမှုအပိုင်းက ပိုလာနိုင်တာပေါ့ အဓိကအကြောင်းရင်းက သတင်းတစ်ပုဒ်ချင်းဆီကို တာဝန်ယူရတာပဲ၊ ဒါပေမယ့် နောင်ကို ပိုပြီးတာဝန်ယူရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုက်ရိုက်ဖြေရှင်းရမှာကို အခုက တာဝန်ပေါ့ သလားဆိုတော့ အခုလည်း မပေါ့ပါဘူး ဒါပေမယ့်ဖြေရှင်းပုံဖြေရှင်းနည်းမတူတော့တာမို့ တရားဝန်သတ်မှတ် ထားတဲ့ဥပဒေပေါ်တော့မှာမို့လို့ အဲဒီဥပဒေနဲ့အညီဖြေရှင်းရမှာ အဲတော့ကျွန်တော်တို့က ဥပဒေကိုဖတ်ပြီး ဥပဒေ အတိုင်းလုပ်ရမှာပေါ့၊
 
ဦးကျော်ဇေယျထွန်း- တာဝန်ခံအယ်ဒီတာ (Weekly Express Times ဂျာနယ်)
စာပေစီစစ်ရေးကဖြေလျော့တာ မလျော့တာတော့ ကျွန်တော်မသိသေးဘူးပေါ့နော်၊ ဘယ်လိုလာမယ်မှန်းလည်း မသိသေးဘူး၊ လောလောဆယ်တော့ ဟိုဖြုတ် ဒီဖြုတ်တွေ ရှိနေသေးတယ်၊ လျော့တဲ့အပိုင်းတော့ ကျွန်တော် အတိကျ မပြောလိုဘူး ဒါပေမယ့် တာဝန်ယူမှုအပိုင်းတော့ အခုတော့ ကျွန်တော်တို့ဖြစ်နေသလိုပဲ အရင်တုန်း ကဆိုရင် အစိုးရကထုတ်ပြန်တယ်၊ ရဲစခန်းကထုတ်ပြန်တယ်ဆိုရင် ကျွန်တော်တို့ တွေရေးနေတာ အမှန်ပဲလေ ဒါရဲစခန်းက သူ့လောက်တိကျတဲ့သူရှိဦးမလား၊ မြေပြင်မှာဆင်းပြီး စစ်ဆေးထားတာကို ကျွန်တော်တို့ရေးပြီး တော့ ကူးချလိုက်တယ်၊
 
ကူးချပြီးတာ ရေးတယ် ဆိုတဲ့နေရာမှာပြသာနာမရှိဘူး၊ ခံရတဲ့လူကလည်း သူက ကြိတ်မှိတ်ခံတယ် သူကပြောလို့မှမရတာ အရင်တုန်းက အခြေနေကပြောလို့မရဘူးလေ ဒါပေမယ့် အခုဟာက ပြည်သူလူထုရဲ့သဘောထားတွေ ထုတ်ဖော်ပိုင်ခွင့်က လွှတ်တော်မှာလည်းပြောတယ်၊ သမ္မတကြီးကလည်း ဒါတွေပြောတယ်ဆိုတဲ့အခါမှာ ပြည်သူကသိလာပြီပေါ့နော်၊ ငါတို့ရဲ့ရပိုင်ခွင့်တွေငါတို့ရဲ့အခွင့်ရေးတွေ ဒါတွေကို ငါတို့ထုတ်ဖော်မယ်ဆိုတဲ့အခါကျတော့ ခုဏကလို ရဲပြောယုံနဲ့မရတော့ဘူး၊ တာဝန်ယူမှုကတော့ ရှိလာမယ် ၊ နောက်ပိုင်းကျရင် ကျွန်တော်တို့ သတိထားရတော့မယ် တဖက်ထဲနဲ့ပြောလို့မရတော့ဘူး၊
အစိုးရပြောတာပဲ မှန်တယ်သွားလုပ်လို့ မရတော့ဘူး လူထုရဲ့အသံပါမှရမယ် ဒါကတော့ သတင်းအင်္ဂါရပ်မှာကို သတင်းရင်းမြစ် ဆုံရမယ် ဆိုတာပါပါတယ်၊ တခုရှိတာက ထည့်မရလို့ မထည့်ခဲ့တာလည်း တစ်ပိုင်းပေါ့၊ အရင်တုန်းကဆို ကျမတို့မကျေနပ်ပါဘူး၊ ဘာညာသွားရေရင် စီစစ်ရေးကဖြုတ်မှာ ကျိမ်းသေတာမှာ အခုမဖြုတ်တော့ဘူး အဲဒီတော့ ကျွန်တော်တို့တစ်တွေ balance အများကြီးလုပ်ပေးရမယ်၊ သတင်းနဲ့ပါဝင် ပတ်သတ်တာအားလုံးကို ကျွန်တော်တို့ ရေးမှရတော့မယ်၊ သတင်းထောက်ကလည်း ကျင့်ဝတ်တွေ ပိုဂရုစိုက်ရမယ်၊  အယ်ဒီတာတွေ ကလည်း တာဝန်ယူမှုပိုလာတယ်။
 
ဦးကျော်စွာမင်း- အယ်ဒီတာချုပ် (FLOWER NEWS ဂျာနယ်)
 
ပိုလာနိုင်တာပေါ့၊ ဘာကြောင့်ပိုလာနိုင်တာလဲဆိုလို့ရှိရင် နှစ်ပိုင်းရှိတယ် တစ်ပိုင်းကစီစစ်ရေး တင်လိုက်တဲ့ အခါမှာတစ်ချို့ကိစ္စတွေက လုံးဝကင်းစင်သွားပေမယ့် တစ်ချို့သတင်းတွေက စီစစ်ရေးကနေ သေချာစီစစ်ပြီး   ပြင်ပေးလိုက်တာလေးတွေ ရှိတယ်လေ သူတို့စီစစ်ရေးက ပြင်ပေးလိုက်မှ သတိထားမိတာလေးတွေရှိတယ် အဲဒါလေးတွေ   ပြန်ပြီးတော့ ဘယ်ဟာတွေက ပြင်သင့်တယ် ဘယ်ဟာတွေက သတိထားသင့်တယ် ဆိုတာ မျိုးတွေ အစ်ကိုတို့  သတိထား ရတော့မယ်၊ နောက်တစ်ချက်က လွတ်လပ်သွားပြီဆိုတော့ ပြင်ပက သတင်းနဲ့ထိ တွေ့မယ့် သတင်းအရင်းမြစ်တွေနဲ့ မှန်ကန်မှုတွေပိုပြီးတော့ သတိထားရလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်သွားပြီဆိုရင် လွတ်လွတ်လပ် လပ်တင်ပြ တဲ့နေရာမှာ တစ်ဖက်က ကျေနပ်တာရှိတယ်၊ မကျေနပ် တာရှိတယ်၊ တခြားသတင်းရင်းမြစ်တွေဘက်ကနေ မကျေနပ်တာတွေ တိုင်းတန်းလာနိုင်တယ်။
 
(အယ်ဒီတာများအား မြစ်မခမီဒီယာဂရု(ပ်) ကျေးဇူးတင်ရှိပါသည်။)
Myit Ma Kha

No comments:

Post a Comment