Saturday, 21 July 2012

နိုင်ငံတွင်း ကျွမ်းကျင်လုပ်သားအင်အားတိုးပွားရန် စင်ကာပူပုံစံ နမူနာယူ၍ မြန်မာဆောင်ရွက်

ရန်ကုန်၊ ဇူလိုင်-၂၁
မြန်မာအာဏာပိုင်းများသည် နိုင်ငံတွင်း၌ ကျွမ်းကျင်လုပ်သား အင်အားစုဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်ကာပူပုံစံနမူနာယူကာ ဆောင် ရွက်နေကြောင်း စီအင်န်အေသတင်းက ဖော်ပြသည်။ မြန်မာ တာဝန်ရှိသူများသည် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်ရေး၊ ၎င်းတို့အတွက် ကျွမ်းကျင်လက်မှတ်များ ထုတ်ပေးရာတွင် အမျိုးသား အဆင့်သတ်မှတ်ထားသော စံချိန်စံညွှန်းဖြစ်ပေါ်ရေးတို့အတွက် စင်ကာပူပေါ်လီတက္ကနစ်ကျောင်း နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်။
Swissလုပ်သားလေ့ကျင့်ရေးစင်တာကိုဦးဆောင်သူ ဒေါ်ရင်ရင်အေးက လည်း ပြည်တွင်း၌ အဖွဲ့အစည်းမျိုးစုံက အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ သင်တန်းများဖွင့်ကာ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း ဆိုသည်။ သို့သော် သူမက ''ကျွန်မတို့မှာ အမျိုးသားအဆင့်(တစ်နိုင်ငံလုံး အတိုင်းအတာနဲ့) သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှု လက်မှတ်မျိုး ရှိမယ်ဆိုရင် တူညီတဲ့ စံသတ်မှတ်ချက်တွေ၊ လေ့ကျင့်ပေးမှု အရည်အသွေးနဲ့ လုပ်သားတွေရဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေကို ပိုကောင်းမွန်စေလာမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။
မြန်မာအလုပ်သမားဝန်ကြီးဌာနဒုဝန်ကြီးဦးမြင့်သိန်းကလည်း နိုင်ငံတွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိရန် ဆောင်ရွက်နေပြီး၊ ၂၀၁၅ တွင် စတင်မည့် အာဆီယံ၏ ပန်းတိုင်ဖြစ်သော ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ စီးဆင်းရေးအတွက်လည်း ပြင်ဆင်နေကြောင်း ပြောသည်။ ၎င်းက''မြန်မာလုပ်သားတွေက(အဲဒီအချိန်ကျရင်) ပြည်ပထွက်ကြပါလိမ့် မယ်။ လုပ်သားတော်တော် များများလည်း မြန်မာကို လာကြမှာပါ။ ဒီလိုလုပ်သားတွေ လွတ်လပ်စွာ စီးဆင်းမှုအတွက် အမျိုးသားအဆင့် ကျွမ်းကျင်မှု အရည်အသွေး စံသတ်မှတ်ချက်တွေရှိဖို့ အရေးကြီးပါတယ်။ ဒါဟာ လုပ်ငန်းရှင်တွေအတွက် အရည်အသွေး အာမခံချက်ပုံစံတစ်မျိုးပါပဲ'' ဟု ပြောသည်။
မြန်မာအစိုးရသည် ၁၉၅၀ နှစ်များက ပြဋ္ဌာန်းခဲ့သော အလုပ်သမားဥပဒေများကို ပြင်ဆင်ရန် ကြိုးစားနေပြီး တီမားဆတ်ဖောင်ဒေးရှင်၏ ထောက်ပံ့မှုဖြင့်စင်ကာပူပေါ်လီတက္က နစ်ကျောင်းသည်လည်း မြန်မာသို့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု အကူအညီများပေးအပ်နေသည်။
Ref: CNA
7Day News Journal

No comments:

Post a Comment