Friday, 29 June 2012

စစ်တွေတွင် ဘင်္ဂါလီများကို နေရာပြောင်းရွှေ့

ဆူပူ အကြမ်းဖက်မှုများ ထပ်မံ မပေါ်ပေါက်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်တွင် နေထိုင်သော ဘင်္ဂါလီ လူမျိုးများကို နေရာပြောင်းရွေ့ နေပြီ ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပါတီဝင် တစ်ဦးက ပြောကြားသည်။

“ဘင်္ဂါလီ ၅၀၀ ဦးလောက်ကိုတော့ ပြောင်းရွှေ့ပြီး သွားပြီလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ယခု ပြောင်းရွေ့နေသော ဘင်္ဂါလီများမှာ ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားစဉ်က ဝင်ရောက် ခိုလှုံနေသော ဘင်္ဂါလီ လူမျိုးများသာ ဖြစ်ပြီး မူလနေထိုင်သူများ မပါဝင်သေးကြောင်း အဆိုပါ ပါတီထံမှ သိရှိရသည်။

အဆိုပါ ရပ်ကွက်တွင် နေထိုင်သော ဘင်္ဂါလီလူမျိုးများကို ဘင်္ဂါလီလူမျိုး အများစု နေထိုင်သော ဘုမေရွာနှင့် သဲချောင်း ကျေးရွာများသို့ ပြောင်းရွှေ့နေကြောင်း၊ ဘင်္ဂါလီ အများစု နေထိုင်သည့် နေရာများတွင် နေထိုင်သော ရခိုင် တိုင်းရင်းသားများကိုမူ သီးသန့် ပြောင်းရွှေ့ပေးခြင်း မရှိသေးသော်လည်း နီးစပ်ရာ ဒုက္ခသည်စခန်းများသို့ ယာယီ ပြောင်းရွှေ့ထားကြောင်း ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် လူဦးရေ စုစုပေါင်း နှစ်သိန်းကျော် ရှိပြီး ယင်းအနက် တစ်သိန်းကျော်မှာ ဘင်္ဂါလီ လူမျိုးများ ဖြစ်ကြောင်း စစ်တွေမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ တရားဝင် စာရင်းဇယားများအရ သိရှိရသည်။
 
Voice Weekly

No comments:

Post a Comment