Thursday, 3 May 2012

အိန္ဒိယတွင် ခရီးသည်တင်သင်္ဘော နစ်မြုပ်မှုကြောင့် လူ ၂၀၀ ကျော် အသေအပျောက်ရှိခဲ့



အိန္ဒိယနိုင်ငံတွင် ခရီးသည်တင် သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး နောက်ထပ်လူ ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းခရီးသည်တင် သင်္ဘောသည် နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင်ရှိသော အာသံပြည်နယ်အတွင်းရှိ ဘူမိပုတြမြစ် အတွင်း၌ ဧပြီလ ၃၀ ရက်နေ့ နေ့လည်ပိုင်းတွင် မိုးသက်မုန်တိုင်းတစ်ခု ရုတ်တရက် ကျရောက်ခဲ့သောကြောင့် မြစ်ရေစီး အလွန်သန်နေချိန်အတွင်း သင်္ဘောနှစ်ပိုင်းကျိုးကာ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ၁၀၅ ဦးထဲတွင်အများစုမှာ အမျိုးသမီးနှင့်ကလေးများဖြစ်ပြီး ယင်းတို့ ကို သင်္ဘောနစ်မြုပ်ရာနေရာနှင့်အတော် ဝေးသောနေရာ၌ရှာဖွေတွေ့ရှိခဲ့သည်။


ယင်းနစ်မြုပ်ခဲ့သော ခရီးသည်တင် နှစ်ထပ်သင်္ဘောသည်လူ ၂၂၅ ဦးသာ တင်ဆောင်နိုင်စွမ်းရှိသော်လည်း နစ်မြုပ်သည့်နေ့က လူပေါင်း ၃၅၀ ဦး တင်ဆောင်ခဲ့ပြီး မိုးကြိုမိုး အပြင်းအထန် ရွာသွန်းခဲ့မှုကြောင့် မြစ်လယ်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

နစ်မြုပ်ခဲ့သော ခရီးသည်တင် သင်္ဘောတွင် အသက်ကယ်လှေနှင့် အခြားလုံခြုံရေးပစ္စည်းများ မပါရှိကြောင်းနှင့် အသက်ရှင်ကျန်ရစ်သူ ၁၅၀ ဦးရှိခဲ့ပြီး မြစ်ရေငြိမ်သွားသော ညသန်းခေါင်းကျော်အချိန်တွင် ခရီးသည်များကို ပိုမိုကယ်တင်နိုင်ခဲ့သော်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် ကယ်ဆယ်ရေးလုပ်ရာတွင် အခက်အခဲများရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များ ပြောကြားခဲ့သည်။

ယင်းသင်္ဘော နစ်မြုပ်မှု အဖြစ်အပျက်သည် လုံခြုံရေးအဆင့်အတန်း နိမ့်ပါးခြင်း၊ သတ်မှတ်ထားသည့် အလေးချိန်ထက် ပိုမိုတင်ဆောင်ခြင်းနှင့် ဂရုတစိုက်မရှိမှုကြောင့် တောင်အာရှသမိုင်းတွင် အဆိုးရွားဆုံးနှင့် လူအသေအပျောက်အများဆုံး မတော်တဆမှုတစ်ခု ဖြစ်လာခဲ့သည်။

အိန္ဒိယတွင်ဖြစ်ပွားခဲ့သော နောက်ဆုံးသင်္ဘောနစ် မြုပ်မှုတစ်ခုမှာ ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလက နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
Ref:AFP
EMG

No comments:

Post a Comment