Friday, 25 May 2012

‘ရေးတာပဲဖြစ်ဖြစ်၊ ဆိုတာပဲဖြစ်ဖြစ် စေတနာသန့်သန့်နဲ့ လုပ်သွားမယ်ဆိုတဲ့ ခံယူချက်ပဲထားပါတယ်’ တေးရေး၊တေးဆို လင်းလင်းနှင့် တွေ့ဆုံခြင်း




e582 ဂီတလောကမှာ တေးသီချင်းကောင်းများစွာကို ဖန်တီးနေသူ၊ ဖန်တီးထားတဲ့ တေးသီချင်းတွေနဲ့အတူ တေးရေးအဖြစ်သာမက တေးဆိုအဖြစ်ပါ ဂီတလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိ ထား သူ၊ အခုသူကဂီတလောကမှာ နောက်တဆင့်အဖြစ် သူဖန်တီးထားတဲ့ တေးသီချင်းတွေရဲ့ မူပိုင်ခွင့်အတွက် လှုပ်ရှားမှုတွေကို စတင်လာပြန်ပါတယ်။ ဒါကြောင့် တေးရေး၊တေးဆိုလင်းလင်းရဲ့အနုပညာအပေါ် ထားတဲ့ ခံယူချက်နဲ့အတူ တေးသီချင်းမူပိုင်ခွင့် လှုပ်ရှားမှုအကြောင်းအရာတွေကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။


မေး ။ ပထမဦးဆုံးလင်းလင်းရဲ့လက်ရှိအနုပညာ လှုပ်ရှားမှုက စပြီးပြောပေးပါဦး။
ဖြေ ။ ကျွန်တော် အခုလက်ရှိမှာ Copy right ဥပဒေနဲ့ ပတ်သက်တဲ့ International Law တွေကို လေ့လာ နေပါတယ်။ ပြည်ပမှာရှိတဲ့ တေးသီချင်း မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ထားရှိတဲ့ဥပဒေတွေကို လေ့လာနေပါတယ်။
မေး  ။ ဂီတနဲ့ ပတ်သက်တဲ့ Copy right ဥပဒေကို လေ့လာနေတဲ့ အဓိကအကြောင်းရင်းက။
ဖြေ  ။ အခုလက်ရှိမှာက သီချင်း တွေနဲ့ပတ်သက်ပြီးသူ့ Right ကိုယ့် Right ကိစ္စတွေက ပြဿနာတွေရှိနေတယ်။ ဂီတလောကမှာ အကောင်း ဘက်ကို ဦးတည်ရမယ့်အစား Own  Tune, i Tune  ကိစ္စတွေမှာ ပြဿနာ ဖြစ်နေတယ်။ အဲဒါလေးနဲ့ပတ်သက်ပြီး ကျွန်တော်ရယ်၊ ကိုမောင်မောင်ဇော်လတ်ရယ် တိုင်ပင်ပြီး ကျွန်တော် တို့ ဖန်တီးထားတဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး Copy right ကြေညာသွားဖို့ရှိတယ်။
မေး  ။ Copy right ကြေညာသွားမယ် ဆိုတာက ဘယ်လိုပုံစံမျိုးနဲ့ ကြေညာသွားမှာလဲ။
ဖြေ  ။ Copy right တွေနဲ့ ပတ်သက်ပြီး တိုင်းသိပြည်သိ ကြေညာဖို့ လိုအပ်ပြီဆိုတဲ့ အချိန်ကျရင်ကျွန်တော်နဲ့ ကိုမောင်မောင်ဇော်လတ်တို့ နှစ်ယောက်ပေါင်းပြီး သတင်းစာ၊ ဂျာနယ်အားလုံးမှာ ကြေညာသွားမယ်။ အကြမ်းဖျင်းအားဖြင့်တော့ ဒီသီချင်းတွေသည် ကျွန်တော်တို့ မူပိုင်ဖြစ်ပါတယ်။ အဲဒါကိုချိုးဖောက်ပြီး တစ်စုံ တစ်ယောက်၊ ဒါမှမဟုတ် အစုအဖွဲ့တစ်ခုခုက သူ့ပိုင်ပါဆိုပြီး သုံးစွဲမယ်ဆိုရင် ဥပဒေကြောင်းအရ တရားရင်ဆိုင်သွားမယ်ပေါ့။
မေး  ။ လင်းလင်းအနေနဲ့ အခုလိုကြေညာရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဖြေ  ။ ကျွန်တော်တို့ မျှော်လင့်ထားတာတစ်ခုပဲ ရှိပါတယ်။ ဒီသီချင်းတွေ နဲ့ ပတ်သက်ပြီး တခြားခံစားခွင့်တွေ ထက်ဒီသီချင်းတွေသည် ကျွန်တော်တို့ ဖန်တီးထားတာဖြစ်တယ်။ ကျွန်တော်တို့ပိုင်ပါတယ်ဆိုတဲ့ အချက်ကို အသိအမှတ်ပြုဖို့၊ လာမထိပါးဖို့ကို အဓိက ဦးတည်တာပါ။
မေး  ။ လင်းလင်းက တေးဆိုတစ်ယောက် အပြင် ပရိသတ်လက်ခံတဲ့ တေးရေးတစ်ယောက် လည်းဖြစ်တဲ့အခါမှာ ဒီ Professional Life နှစ်ခုအပေါ်ထားတဲ့ ခံယူချက်ကိုလည်း ပြောပေးပါဦး။
ဖြေ  ။ ကျွန်တော်လုပ်တဲ့ အလုပ်တွေမှာ ခံယူချက်က တစ်ခုပဲရှိပါတယ်။ ရေးတာပဲဖြစ်ဖြစ်၊ ဆိုတာ ပဲဖြစ်ဖြစ် ဒီအလုပ်တွေမှာ စေတနာ သန့်သန့်နဲ့ဖြူဖြူစင်စင် လုပ်သွားမယ်ဆိုတဲ့ ခံယူချက်ပဲထားပါတယ်။
မေး  ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေ မှာလည်း တွေ့နေရတော့ လင်းလင်းရဲ့ နိုင်ငံရေး ခံယူချက်ကိုပြောပါဦး။
ဖြေ  ။ နိုင်ငံရေးခံယူချက် ဆိုတာထက် ပြောင်းလဲရေးကိုပဲ ယုံကြည်ပြီး လုပ်တာပါ။ ကျွန်တော်က ကိုဇေယျာသော်တို့လို လွှတ်တော်ထဲ ရောက်တဲ့အထိ နိုင်ငံရေးကိုမလုပ် နိုင်ပေမယ့် ကိုယ်တတ်နိုင်တဲ့ဘက် က အနုပညာအားနဲ့ပဲဖြစ်ဖြစ် နိုင်ငံ့ အရေး၊ လူမျိုးအရေးကို မလျော့တဲ့ စိတ်၊ မလျော့တဲ့အသိနဲ့ လုပ်နေပါတယ်။
မေး  ။ ပြောင်းလဲရေးကို ယုံကြည်ပြီး လုပ်တာဆိုတော့ ဂီတလောကနဲ့ ပတ်သက်ပြီး အပြောင်းအလဲကိုရော ဘယ်လိုမြင်မိလဲ။
ဖြေ  ။ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုများစွာကို အားရကျေနပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂီတလောက ရဲ့ အပြောင်းအလဲကိုတော့ တစ်ခုမှ အားမရဘူး။ ဂီတလောကကြီးတစ်ခုလုံး အားကိုးရလောက်တဲ့ မူကိုလည်း မတွေ့ရသေးဘူး။ လူကိုလည်းမမြင် ရသေးဘူး။ ကောင်းမွန်တဲ့ပြောင်းလဲ မှုအတွက် ဘယ်လို လူကြီး၊ ဘယ်လို ၀န်ကြီးမျိုးကို သိအောင် ပြောရမလဲ။  ပြီးတော့ လက်ရှိဂီတလောက အခြေအနေကို ကောင်းတယ်လို့ မြင်ရလောက်အောင်လဲ ကျွန်တော်တို့ မရူးသေးပါဘူး။ အဲဒီတော့ ဘယ်လိုလုပ်ကြမလဲ။
မေး  ။ လက်ရှိမှာဂီတနဲ့ပတ်သက်ပြီး Copy right ဥပဒေကို လေ့လာထားသူ တစ်ယောက် အနေနဲ့ အကြံပြုပြောချင်တာရှိလား။
ဖြေ  ။ ကျွန်တော်အခု နားလည်တဲ့သူတွေနဲ့ ဒီဥပဒေကို လေ့လာလိုက်တော့မှ ကျွန်တော်တို့ လက်ခံလုပ်ကိုင်နေတဲ့ အလွဲတချို့ကို သိလာရတယ်။ ဂီတလောကမှမဟုတ်ပါဘူး။ Copy right ဆိုတာ နေရာတိုင်းမှာရှိတဲ့ အရာဖြစ်တဲ့အတွက် ကိုယ့်ရဲ့မူ ပိုင်ခွင့်၊ကိုယ့်ရဲ့ Copy right နဲ့ပတ် သက်တဲ့ အချက်အလက်တွေကို လေ့လာထားသင့်ပါတယ်။ လာမယ့် ၂၀၁၃ မှာ Copy right ဥပဒေတွေ အများကြီး ၀င်လာတဲ့အခါ ကိုယ်က အဲဒီမှာမှ စာမျက်နှာစလှန်လို့ မဖြစ်ပါဘူး။ နည်းနည်းပါးပါး တီးမိခေါက်မိ ရှိထားဖို့ လိုပါတယ်။
မေး  ။ ပရိသတ်အတွက် အမှတ်တရစကား ပြောပေးပါဦး။
ဖြေ  ။ အင်္ဂလိပ်နှစ်သစ်က စခဲ့တဲ့  အိပ်မက်တွေကို မြန်မာနှစ်သစ်မှာ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။  ဒါကို ကမ္ဘာတည်သရွေ့ ထိန်းသိမ်း ကြတာပေါ့။
EMG

No comments:

Post a Comment