Saturday, 14 April 2012

ရုရှားလက်နက်ကုန်သည် ဗစ်တာဘောက်အား အမေရိကန်က ထောင်ဒဏ် ၂၅ နှစ်ချမှတ်



ဧပြီလ ၅ ရက်နေ့က ဗစ်တာဘောက်ကို တရားခွင်တွင် စစ်ဆေးနေပုံကို ဓာတ်ပုံရိုက်ခွင့် မရှိသောကြောင့် ပုံကြမ်းဆွဲထားသည့်ပုံ
'သေမင်းတမန်ကုန်သည်' ဟု လူသိများသည့် ရုရှားလက်နက်ကုန်သည် ဗစ်တာဘောက်ကို အမေရိကန် တရားရုံးက ဧပြီလ ၅ ရက်တွင် ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။ ကိုလံဘီယာရှိ အမေရိကန် ဆန့်ကျင်ရေး ပြောက်ကျားသူပုန်များထံ လက်နက်အများ အပြားရောင်းချရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံအချို့ရှိ ပဋိပက္ခဖြစ်ပွားသော နေရာများတွင် အာဏာရှင်များနှင့် အကြမ်းဖက် တိုက်ခိုက်သည့်အဖွဲ့များထံ လက်နက်များ ရောင်းချခဲ့သည်ဟု အသက် ၄၅ နှစ်ရှိ ဗစ်တာဘောက်မှာ စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ်က ထွက်ရှိလာသော Lord of War ဇာတ်ကားတွင် နီကိုလတ်စ်ကေ့ခ်ျက လက်နက်ကုန်သည် ဘောက်အဖြစ် သရုပ်ဆောင်ခဲ့သည်။


ယင်းစွဲချက် တစ်ခုတည်းဖြင့် အနိမ့်ဆုံးပြစ်ဒဏ်ဖြစ်သော ထောင် ဒဏ် ၂၅ နှစ်ချမှတ်ရန် အမေရိကန် ခရိုင်တရားသူကြီး Shira Scheindlin က ဆုံးဖြတ်ခဲ့ပြီး အခြားစွဲချက် သုံးခုအတွက်အပြစ်ရှိကြောင်း တွေ့ ရှိပါက တစ်ခုစီလျင် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ဖွယ်ရှိသည်ဟု သိရသည်။ ဘောက်ကမူ ၎င်းတွင် အပြစ်မရှိကြောင်း စီရင်ချက်ချခံရအပြီးတွင် ပြောကြားခဲ့သည်။ ဘောက်၏ရှေ့နေက လျှောက်လဲချက်အတွက် အချိန်ပိုပေးရန် တောင်းဆိုမှုနှင့်အတူ စီရင်ချက်ချရာတွင် နှစ်ကြိမ် နှောင့်နှေးမှုဖြစ်ခဲ့သည်။ ဘောက်မှာ အမေရိကန်နှင့် အမေရိကန်ပြည်သူများအပေါ် မည်သည့်ရာဇ၀တ်မှုမှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ရှေ့နေ အဲလ်ဘတ်ဒါယန်က တရားသူကြီးထံ လျှောက်လဲခဲ့သည်။
ရုရှားနိုင်ငံသား ဘောက်ကို ထိုင်းနိုင်ငံသို့ များခေါ်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ဘောက်ကို အမေရိကန်သို့ လွှဲပြောင်းပေးခဲ့သည်။ အမေရိကန်တပ်ဖွဲ့ဝင်များကို သတ်ဖြတ်ရန်ကြိုးပမ်းသည့် အကြမ်းဖက်သမားများထံ ဒုံးကျည်များ ရောင်းချရန် ကြံစည်လုပ်ဆောင်မှု စွဲချက်လေးခုဖြင့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ကြားနာမှု စတင်ခဲ့သည်။
အမေရိကန်အေးဂျင့်များက ကိုလံဘီယာ FARC သူပုန်အဖွဲ့ဝင် များအဖြစ် အသွင်ယူကာ ဘောက်ကို ရုရှားမှ ထိုင်းသို့ လာရောက်စေရန် ဆွဲဆောင်ခဲ့သည်။ ဘန်ကောက်သို့ ဘောက်ရောက်လာသောအခါ လျို့ဝှက် အေးဂျင့်များက လေယာဉ်ဖျက် သင်္ဘောများ အပါအ၀င် လက်နက်များ ၀ယ်ယူဟန် ပြုလုပ်ခဲ့သည်။  သို့သော် ၎င်း၏ရှေ့နေကမူ ဘောက်သည် ကုန်တင်လေယာဉ် နှစ်စင်းရောင်းချရန်သာ ရည်ရွယ်ခဲ့ကြောင်း ချေပခဲ့သည်။ ဘောက်ကလည်း မိမိသည် ပုဂ္ဂလိကလေကြောင်း ပို့ဆောင်ရေး လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့ပြီး တစ်ခါတစ်ရံ လက်နက်များကို တရားဝင် သယ်ဆောင်ကြောင်း ထွက်ဆိုထားသည်။ ရုရှားနိုင်ငံက ဘောက်ကို ပြန်လွှဲပေးရန် တောင်းဆိုထားပြီး ယခု တရားစီရင်မှုအပေါ် သံသယရှိကြောင်း ထုတ်ပြန်ခဲ့သည်။
Ref: AFP
EMG

No comments:

Post a Comment