Sunday, 8 April 2012

မန္တလေးမြို့ တွင် ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက အခါမဲ့မိုးရွာသွန်းမှုနှင့် ငုံးဥအရွယ်ခန့်ရှိ မိုးသီးများကြွေကျခဲ့ပြီး သစ်ပင်ကြီးအချို့၊ သင်္ကြန်မဏ္ဍပ်အချို့ နှင့် ကြော်ငြာဆိုင်းဘုတ်အချို့ ပြိုလဲခဲ့




mdyrain1
မန္တလေးမြို့တွင် ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက အခါမဲ့မိုးရွာသွန်းမှုနှင့် မိုးသက်လေပြင်း အနည်းငယ်ကျခဲ့ပြီး သစ်ပင်ကြီးအချို့နှင့် ကြော်ငြာဆိုင်းဘုတ်အချို့ ပြိုလဲခဲ့ကြောင်း သိရသည်။ မိုးရွာသွန်းစဉ် ငုံးဥအရွယ်ခန့်ရှိ မိုးသီးမိုးပေါက်များ ကြွေကျခဲ့ကြောင်း သိရပါသည်။

"နေ့လယ် ၂ နာရီလောက်မှာ မိုးသားတွေ ညို့တက်လာပြီး ချက်ချင်းဆိုသလို အမှောင်ကျသွားတယ်။ လျှပ်စီးတွေလက် မိုးခြိမ်းသံတွေပြီးတော့ ၃ နာရီလောက်မှာ မိုးရောလေရောကျလာတာ။ မိုးရွာတာ နာရီဝက်လောက်ရှိတော့ မိုးသီးမိုးပေါက်တွေ ပါလာတာပဲ။ မိုးသီးတွေက မန်ကျည်းသီးလောက်ရှိပါတယ်။ မိုးရေကလည်း အေးစက်နေတာပဲ"ဟု နန်းရှေ့၊ မဟာဇေယျာ ဘုံရပ်နေထိုင်သူတစ်ဦးက ပြောပါသည်။


"မန္တလေးမှာ အခုရက်ပိုင်း ပိုပူလာတယ်။ မနေ့မနက်ပိုင်းတုန်းက မိုးနည်းနည်းကျသေးတယ်။ တစ်မြို့လုံးတော့ မဟုတ်ဘူး။ ကွက်ကျား ရွာတာ။ အခုနေ့လယ်ပိုင်းရွာတာက ရေတော်တော်ပါတယ်။ မိုးရောလေရော သွန်ချလိုက်သလိုပဲ။ ချက်ချင်းအေးသွားတယ်။ ဒါပေမယ့် မိုးရေလေရောမို့ ကျုံးတောင်ဘက်ခြမ်းမှာ ကုက္ကိုပင်တစ်ပင်လဲ သွားတယ်။ နောက်ပြီး ပေပင်တစ်ပင်ကဆို အမြစ်ကနေ ကျွတ်ထွက်သွားပြီး မဏ္ဍပ်တစ်ခုပေါ်လဲကျလို့ စင်လည်း ပြိုသွားတယ်။ လမ်းလည်းပိတ်သွားလို့ စည်ပင်ကနေ ချက်ချင်းရှင်းလင်းမှုတွေ လုပ်နေရတယ်" ဟု ချမ်းအေးသာစံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပြပါသည်။

"ကျွန်တော်တို့မဏ္ဍပ်က အိမ်သာဆိုရင် လေနဲ့လွင့်သွားပြီး လမ်းလယ်ရောက်သွားတယ်။ တချို့ကွန်ကရစ် ဓာတ်တိုင်တွေလည်း ကျိုးကျတာမျိုး တွေ့ရတယ်" ဟု Alpine မဏ္ဍပ်ကို တာဝန်ယူဆောက်လုပ်နေသော C.A.D construction and Decoration ကုမ္ပဏီမှ ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက ပြောပါသည်။

မိုးသီးကြွေကျမှုမှာ ၃ နာရီခွဲခန့်တွင် တစ်ကြိမ်နှင့် ၄ နာရီကျော်၌ တစ်ကြိမ် နှစ်ကြိမ်ကြွေကျခဲ့ခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် ၅ မိနစ်ကျော် ၁၀ မိနစ်နီးပါးရှိကြောင်း သိရသည်။ မန္တလေးမြို့တွင် ဧပြီလနှောင်းပိုင်းနှင့် မေလဆန်းပိုင်းတို့တွင် ယခုကဲ့သို့ မိုးသက်လေပြင်းကျရောက်တတ်ပြီး သစ်ပင်ကြီးအချို့နှင့် ကြော်ငြာဆိုင်းဘုတ်အချို့ ပြိုလဲခြင်းများ ရှိခဲ့ကြောင်း၊၂၀၁၀ ခုနှစ် သင်္ကြန်အတတ်နေ့ နံနက်ပိုင်းက မိုးသက်လေပြင်း ကျရောက်မှုကြောင့်လည်း ရေကစားမဏ္ဍပ်ပြိုလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment