Saturday, 14 April 2012

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများအနက် အချို့ကို ဆိုင်းငံ့သင့်ကြောင်းပြောကြား





 cam1
နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ တွေ့ဆုံနေစဉ်
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံသို့ ဧပြီလ ၁၃ ရက်နေ့က တစ်ရက်ကြာ ခရီး လာရောက်ခဲ့ရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လူကြီးမင်း၏ လာရောက် လည်ပတ်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးပါရုံသာမက သမိုင်းဝင်လည်း ဖြစ်ပါကြောင်း၊ လူကြီးမင်းရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အသိအမှတ် ပြုမှုနှင့် ပတ်သက်၍ အရမ်းကျေးဇူးတင်ပါကြောင်း၊ အရမ်းလည်း အားတက်မိပါကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖေါ်ပြထားချက်အရ သိရှိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အားပေးသင့်သည်မှာ မှန်ကန်သည်ဟု မိမိ ထင်မြင်ပါကြောင်း၊ သွားရမည့် လမ်းမှာ ရှည်လျားသည် ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပါကြောင်း ထည်သွင်းပြောကြားခဲ့သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖေါ်ပြထားပါသည်။
cam2
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ တွေ့ဆုံနေစဉ်
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများအနက် အချို့ကို ဆိုင်းငံ့သင့်ကြောင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အမှန်တကယ်အလားအလာ ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံတကာက ထောက်ခံသင့်သည်ဆိုသည်မှာ မှန်ကန်ပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြညသူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် ဧပြီလ ၁၃ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံအပြီင်္း ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် ရှိနေစေရေးအတွက် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းသွားရေးထက် ဆိုင်းငံ့ရေးကို ပိုမိုလိုလားကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂအနေဖြင့် လာမည့်ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့်အရေးယူပိတ်ဆို့မှုများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ခရီးလာရောက်ခဲ့ခြင်း ဖြစ်ပြီး ၄င်း၏ မြန်မာနိုင်ငံခရီးစဉ်သည် အနောက်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်တစ်ဦးအနေနှင့် ဆယ်စုနှစ်များအတွင်း ပထမဆုံးခရီးစဉ်ဖြစ်ကြောင်းနှင့် ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက်သည့် ဗြိတိန်ဝန်ကြီးချုပ် တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ကြောင်းလည်း သိရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျသည်လည်း မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဇန်န၀ါရီလက နှစ်ရက်ကြာ လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့ပြင် ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၀န်ကြီး အင်ဒရူးမစ်ချယ်လ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်နိုဝင်ဘာလက သုံးရက်ကြာ လာရောက်ခဲ့သည်။
EMG

No comments:

Post a Comment