Sunday, 25 March 2012

Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်အား RFA သတင်းဌာနမှတွေ့ဆုံမေးမြန်းခြင်း


‘အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေး နောက်ပြန်သွားမယ် ဆိုရင် ကျွန်တော်တို့ စာနယ်ဇင်းလောကလည်း ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး’၊
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော သတင်းမီဒီယာများ၏ လွတ်လပ်ခွင့် အနေအထား အပါအ၀င် အနာဂတ် မြန်မာစာနယ်ဇင်း လောကဖွံ့ဖြိုးမှု အနေအထားများနှင့် ပတ်သက်၍ Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်အား RFA သတင်းဌာနမှ ကိုကျော်ကျော်အောင် က တွေ့ဆုံမေးမြန်း၍ မတ်လ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည် .  .  .
မေး - ဒီကနေ့ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ သတင်းမီဒီယာတွေရဲ့လွတ်လပ်ခွင့် အနေအထားကို ဦးသန်းထွဋ်အောင် အနေနဲ့ ဘယ်လိုများခြုံပြီး သုံးသပ်လို့ ရပါသလဲခင်ဗျာ။
ဖြေ - မနှစ်ကထက် စာရင်တော့ ကျွန်တော်တို့ လက်ရှိအခြေအနေဟာ ကျေနပ်စရာ ကောင်းတယ်လို့ ယူဆရပေမယ့် နိုင်ငံတကာ အဆင့်အတန်းနဲ့ဆိုရင် ကျွန်တော်တို့က အဝေးကြီးနောက်မှာ ကျန်ခဲ့ပါတယ်။

မေး - လွတ်လပ်ခွင့် အနေအထားကို တိုင်းတာတဲ့အခါမှာ ဘယ်လိုသတင်းမျိုး ရေးလို့ရတယ်။ ဘယ်လောက်ထိ လွတ်လပ်ခွင့်တွေ ရှိလာတယ် ဆိုတဲ့အပေါ်မှာရော ဘယ်လိုများပြောလို့ရပါသလဲ။
ဖြေ  - ကျွန်တော်တို့သာမန်သတင်းတွေ၊ ဥပမာအားဖြင့် နိုင်ငံရေးသတင်းမှာ နိုင်ငံရေးစကား ဒီလိုပြောတယ်။ ဒီခေါင်းဆောင်က ဒီလိုပြောတယ်ဆိုတဲ့ သတင်း တွေမှာ အရင်ကဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားတွေမှာ ဆင်ဆာ ဖြတ်တာတွေ ရှိတယ်။ ဒီအခြေအနေမှာတော့ ဒါမျိုးတွေ မရှိတော့ပေမယ့် တကယ့်  critical  ဖြစ်တဲ့ ဝေဖန်ချက်တွေပါတဲ့ သတင်းမျိုးတွေ၊ ဝေဖန်မှုတွေ ပါတဲ့ သတင်းမျိုးတွေ ဆိုရင်တော့ အခု ထက်ထိ ဆင်ဆာက ဖြုတ်ချနေတုန်းပါပဲ။
မေး - ဒီကနေ့ဆိုရင် ပြည်တွင်းမှာ ဂျာနယ် တွေ၊ မဂ္ဂဇင်းတွေ တော်တော်များများပေါ့နော်။ အရေအတွက်အားဖြင့် တော်တော်များများ ရှိနေပြီဖြစ်တာ တွေ့ရပါတယ်။ ဆိုတော့ ဒီဂျာနယ်၊ မဂ္ဂဇင်းတွေရဲ့ အရည်အသွေးကိုရော ဘယ်လိုများ တိုင်းတာလို့ ရနိုင်ပါမလဲ . . .
ဖြေ - ၁၉၈၈-၈၉ လောက်က ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ ပြန်ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်နေပါပြီ။ နိုင်ငံရေးပါတီတွေ ရာကျော်ဖွဲ့နေပါပြီလို့ ဗိုလ်ချုပ်ကြီး စောမောင်က ပြောခဲ့တဲ့အပေါ်မှာ ကျွန်တော်တို့ တော်တော်စိတ်မကောင်း ဖြစ်ရပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ။ အရေအတွက်တွေ အများကြီးခွင့်ပြုထားပြီ။ တစ်နေ့တစ်နေ့ ဂျာနယ်တွေ အစောင်ရေ အများကြီး ထွက်နေပါပြီ ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ အနေနဲ့ အများကြီး ကျေနပ်မှုရှိနိုင်ပါ့မလား။
မေး - အခုဆိုရင် အစိုးရကမီဒီယာဥပဒေ တစ်ရပ်ကို ရေးဆွဲနေတယ်ပေါ့ ခင်ဗျာ။ ဒီဥပဒေ ဟာ မီဒီယာတွေကို ထိန်းချုပ်ဖို့ မဟုတ်ဘဲ လွတ်လပ်ခွင့်ကို ပံ့ပိုးဖို့အတွက် ရည်ရွယ်ပြီးရေးဆွဲတာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက ပြောထားတာရှိပါတယ်။ အဲဒီအပေါ်မှာ ဦးသန်းထွဋ်အောင် အနေနဲ့ရော ဒီဥပဒေဟာ မီဒီယာအပေါ် ပံ့ပိုးဖို့ အမှန်တကယ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါသလားခင်ဗျာ . . .
ဖြေ - အခုဒီဥပဒေကို ပြဋ္ဌာန်းပြီး ထိန်းချုပ်ဖို့မဟုတ်ဘူး ဆိုပေမယ့်လို့ လော လောဆယ်မှာ ကျွန်တော်တို့ မီဒီယာ လွတ်လပ်ခွင့် မရသေးဘူး။ ကျွန်တော် တို့ အခုထက်ထိပုဂ္ဂလိက သတင်းစာ ဆိုတာမရှိသေးဘူး။ လွတ်လပ်တဲ့ ပုဂ္ဂလိကအသံလွှင့်ဌာန၊ လွတ်လပ်တဲ့ ပုဂ္ဂလိက ရုပ်မြင်သံကြားဌာန ဆိုတာလည်း မရှိသေးဘူး။ ဒီအခြေအနေမျိုးမှာ ဒီဟာတွေအတွက်ကို ဥပဒေတစ်ရပ် ပြဋ္ဌာန်းတော့မယ် ဆိုတာက ကျွန်တော်တို့ ဒါတွေကို Practice မလုပ်ဘဲ ပြဋ္ဌာန်းမယ်ဆိုတာ တကယ်တော့ မဖြစ်သင့် ဘူးလို့ပဲ ကျွန်တော်မြင်တယ်။
မေး - ဒီဥပဒေကြောင့် လွတ်လပ်မှု ရှိလာလိမ့်မယ်လို့ မယုံကြည်ဘူးဆိုတဲ့ သဘောလားခင်ဗျာ။
ဖြေ - ကျွန်တော်တို့ အားလုံး၊ ကျွန်တော်တို့ ကိုယ်တိုင်ပါဝင် ၀င်ရောက်ဆွေးနွေးပြီးတော့ ဒီဥပဒေကို ၀င်ရောက်ဆွေးနွေး၊ ကျွန်တော်တို့ ကိုယ်တိုင်ချပြ၊ ကျွန်တော်တို့ ကိုယ်တိုင် အပြန်အလှန်ပေါ့။ ပြန်ကြားရေး ၀န်ကြီးဌာနရယ်၊ လွှတ်တော်က ပြန်ကြားရေးနဲ့ဆိုင်တဲ့ ကော်မတီရယ်၊ လွတ်လပ်တဲ့ ဂျာနယ်လစ်အဖွဲ့အစည်းတွေ သုံးပွင့်ဆိုင် ဆွေးနွေးပြီးတော့မှ ဒီဥပဒေ ပြဋ္ဌာန်းသင့်တယ်လို့ ကျွန်တော်တို့မြင်တယ်။ မဟုတ်ဘဲနဲ့ ဒီဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲပြီး လွှတ်တော် က အတည်ပြုလိုက်မယ်ဆိုရင် ဒီဥပဒေက ကျွန်တော်ထင်တယ်။ မျှတတဲ့ ဥပဒေတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။
မေး - ဒီဥပဒေကို ထုတ်ဝေပြီးနောက်မှာ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေခွင့်ရလိမ့်မယ်လို့ အစိုးရကပြောနေတာ လည်းရှိပါတယ်။ ဒီဥပဒေကြောင့်မို့ရော လွတ်လပ်တဲ့ သတင်းစာတွေ ထွက်လာလိမ့်မယ်လို့ရော ထင်ပါသလားခင်ဗျာ . . .
ဖြေ - တကယ်တော့ ၁၉၆၂ ပုံနှိပ် ထုတ်ဝေရေး ဥပဒေအရပဲ မြန်မာနိုင်ငံမှာသတင်းစာတွေ ထုတ်ဝေခဲ့တာပါ။ ၁၉၆၂ နဲ့ ၆၈ ကြားမှာ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေ အများကြီးရှိခဲ့ပါတယ်။ အဲဒီကြား ထဲမှာပဲ ၆၂ ဥပဒေအရ ပုဂ္ဂလိကသတင်း စာတွေထုတ်ဝေခဲ့တာပဲ။ အခုလည်း ၆၂ ဥပဒေနဲ့လည်း ကျွန်တော်တို့ဆီမှာ ပုဂ္ဂလိက သတင်းစာတွေ စမ်းသပ်ထုတ်ဝေခွင့်ပေး လို့ရနေပြီပဲ။ ဒီအခြေအနေမျိုးတွေတောင်မှ ထုတ်ဝေခွင့်မပေးဘဲနဲ့။ နောက် ပြီး ကျွန်တော်တို့ ဒီဥပဒေ ပါပါ၊ မပါပါ လွတ်လပ်တဲ့ ပုဂ္ဂလိက အသံလွှင့်ဌာနတွေ၊ လွတ်လပ်တဲ့ ပုဂ္ဂလိက ရုပ်မြင်သံကြားဌာန တွေ စမ်းသပ်ပေးလို့ရနေပြီပဲ။ ဒီအခြေ အနေမျိုးတွေကို မဖန်တီးဘဲနဲ့ အစိုးရက မီဒီယာတွေအားလုံးကို သတင်းစာတို့၊ အသံလွှင့်ဌာနတို့ ဒီအခြေအနေမှာ ဒါတွေ ချုပ်ကိုင်ထားတယ်ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ဒီမေးခွန်းကို ဘယ်လိုလုပ်ဖြေရမလဲ။
မေး - တကယ်လို့များပေါ့ဗျာ။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထုတ်ဝေခွင့်ပြုလိုက်ပြီ။ နေ့စဉ်ထုတ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုလိုက် ပြီဆိုရင် ပုဂ္ဂလိက သတင်းမီဒီယာတွေ ဘက်ကရော အဆင်သင့်ဖြစ်ကြပြီလားခင်ဗျာ။ ပုဂ္ဂလိက သတင်းစာ ဘယ်နှစ်စောင်လောက်များ ထွက်လာနိုင်တဲ့ အခြေအနေရှိပါသလဲ . . .
ဖြေ - စက်ပိုင်းဆိုင်ရာ Ready ဖြစ်နေတာ ကတော့ မြန်မာတိုင်းမ်နဲ့ ကျွန်တော်တို့ Eleven ပဲရှိတယ်။ ဒါပေမယ့် Human Resources ပိုင်းမှာ အဆင်သင့်ဖြစ်နေတာကတော့ အနည်းဆုံး ၁၀ ခုလောက် ရှိပါတယ်။
မေး - အခုမြန်မာနိုင်ငံ စာနယ်ဇင်းလောက စာပေလွတ်လပ်ခွင့် အပါအ၀င် သတင်းမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုရင် အစိုးရအနေနဲ့ဖြစ်စေ၊ ပုဂ္ဂလိကအနေနဲ့ ဖြစ်စေ ဘာတွေများ အလေးထားပြီး ဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ - အခု ကျွန်တော်တို့က နှစ်ပေါင်း ငါးဆယ်လုံးလုံး အမှန်အတိုင်းပြောရရင် Autocracy  အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတာ။ အဲတော့ ဒီမိုကရေစီဆိုတာ အခုမှစသွားရမယ့် အခြေအနေ။ အဲတော့ ဒီကျွန်တော်တို့ရဲ့ Atmosphere ဟာ ဒီ ဒီမိုကရေစီစနစ်၊ ဒါမှမဟုတ် ဒီ ဒီမိုကရေစီစနစ်ကို အထောက်အကူပြုတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ အတွက်ဆိုရင် အင်မတန်မှ Hostile ဖြစ်တယ်။ ရန်လိုတဲ့ဝန်းကျင် ရှိနေတယ်။ ဒီဝန်းကျင်ကို ကျွန်တော်တို့အနေနဲ့ မီဒီယာနဲ့ တကယ့်ကို Familiar  ဖြစ်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ပြောင်းပစ်ဖို့ လိုတယ်။ အခုပဲကြည့်။ လွတ်လပ်မှုဆိုတာ ကျွန်တော်တို့ ဘာမှမပြောသေးဘူး။ မလိုလားအပ်တဲ့ တရားစွဲမှုတွေ လာနေပြီ။ ဒီတရားစွဲတာကိုကြောက်လို့ ပြောတာ မဟုတ်ပါဘူး။ တကယ်တော့ မြန်မာနိုင်ငံမှာ Rule of Law က တကယ်ရှိသင့်ပါတယ်။ ကျွန်တော်တို့ Rule of Law  တကယ်မရှိဘဲနဲ့ တကယ် တရားစွဲတာတွေ အားလုံးကို ကျွန်တော်တို့က မလိုလားအပ်ဘဲနဲ့ အရှုံးပေးနေရမယ်ဆိုရင် အခုအချိန်ထိပဲ ဒီတရားစွဲတာတွေဟာ ဘာမှတောင် မဖြစ်သေးဘူးဆိုရင် ဒီအခြေအနေက ကျွန်တော်တို့အတွက် အမှန်တကယ်ကို ရန်လိုတဲ့ ပတ်ဝန်းကျင်။ ဒီဝန်းကျင်မျိုးကို အစိုးရအနေနဲ့ ပြောင်းလဲပေးရမယ်။ အထူးသဖြင့် သူတို့အစိုးရအဖွဲ့တွေအ နေနဲ့ ကျွန်တော်တို့ သတင်းမီဒီယာ တွေရဲ့လွတ်လပ်ခွင့်နဲ့အတူ၊ တာဝန်ယူမှုနဲ့အတူ၊ ကျွန်တော်တို့ရဲ့ ဘယ်လိုအလုပ်မျိုးတွေ လုပ်နေတယ်ဆိုတာကို သူတို့အစိုးရဌာနတွေ၊ လွှတ်တော် တွေမှာ သူတို့ကိုယ်သူတို့ ပြန်ပြီးတော့ သင်တန်းပေးဖို့၊ ဒါမှမဟုတ် ရှင်းလင်းဖို့လိုအပ်မယ်လို့ ထင်တယ်။
မေး - လာမယ့်နှစ် အနည်းငယ် အတွင်းမှာပေါ့ ခင်ဗျာ။ လာမယ့် နှစ်နှစ် သုံးနှစ်အတွင်းမှာ လက်ရှိသွားနေတဲ့ အခြေအနေအရ မြန်မာ နိုင်ငံရဲ့စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်မှု အနေအထားတွေ၊ အလားအလာတွေ ဘယ်လို များရှိလာလိမ့်မယ်လို့ မှန်းဆပါသလဲခင်ဗျာ။
ဖြေ - မြန်မာနိုင်ငံ စာနယ်ဇင်းလောက အခြေအနေဟာ မြန်မာနိုင်ငံရေးအပေါ် မှာလည်း အများကြီးမူတည်နေပါတယ်။ မြန်မာနိုင်ငံအရေးဟာ ရှေ့ဆက်သွားမလား၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အတူ ဒီမိုကရေစီအရေးဟာ ရှေ့ဆက်သွားမလား။ သွားမယ်ဆိုရင် မြန်မာစာနယ်ဇင်း လောကကလည်း ဖွံ့ဖြိုးတိုးတက်လာမှာပါ။ အကယ်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး နောက်ပြန်သွားမယ်ဆိုရင် ကျွန်တော်တို့ စာနယ်ဇင်းလောကလည်း ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး။
EMG

No comments:

Post a Comment