Sunday, 4 March 2012

သံလွင်မြစ်အဆုံးပိုင်း ရေချိုရေငန်စပ် ရေပြင်ဧရိယာတွင် စင်ရော်ငှက် ရောက်ရှိမှု ပိုမိုများပြားလာ










သံလွင်တံတား(မော်လမြိုင်) ဖွင့်လှစ်ပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့သည့် ပင်လယ်ပျော်စင်ယော်ငှက်များသည် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ပြန်လည်ရောက်ရှိလာခဲ့ရာ ယခုအခါ သံလွင်မြစ်အဆုံးပိုင်း ရေချိုရေငန်စပ် ရေပြင်ဧရိယာ (မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်ရေပြင်) တွင် ယခင်နှစ်များထက် ပိုမိုများပြားလာကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရှိရသည်။

''စင်ယော်ငှက်တွေက ပင်လယ်နဲ့ ဆက်စပ်နေတဲ့ မြစ်တွေမှာ နေထိုင်လျက်ရှိကြပါတယ်။ သံလွင်တံတား(မော်လမြိုင်) စတင်ဖွင့်လှစ်ပြီး၊ မုတ္တမ-မော်လမြိုင် ကူးတို့ရေယာဉ်လိုင်း ပိတ်သိမ်းပြီးနောက်ပိုင်း ထူးခြားစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှ ပြန်လည်တွေ့ရှိလာရပြီး တစ်ကောင်၊ နှစ်ကောင်စကနေ ဒီကနေ့မှာ ကောင်ရေ သောင်းကျော် များပြားလာခဲ့တာ တွေ့ရပါတယ်''ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။


''စင်ယော်ငှက်လေးတွေက မော်လမြိုင်ကမ်းရိုးတန်းအလှကို ပုံဖော်ပေးနေတဲ့ ငှက်ကလေးတွေပါ။ အစဉ်အဆက်ကတည်းက သံလွင်မြစ်အဆုံးပိုင်း မော်လမြိုင်ကမ်းရိုးတန်း နေရာတွေမှာ နေထိုင်လျက်ရှိပါတယ်။ စင်ယော်ငှက်လေးတွေ ပျောက်ဆုံးခဲ့တာ ၁၀ စုတစ်စုကျော်ရှိခဲ့ပြီး အခုမှ ပြန်လည်တွေ့ရှိရတော့ မြို့ခံအနေနဲ့ ပျော်ရွှင်ကြည်နူးရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီစင်ယော်ငှက်လေးတွေက မော်လမြိုင်မြို့ရဲ့ သင်္ကေတအမှတ်တစ်ခု ဖြစ်နေလို့ပါပဲ။
စင်ယော်ငှက် ပျောက်ဆုံးခဲ့တာ စားကျက်မြေကျဉ်းမြောင်းလာမှုကြောင့်လား၊ ရာသီဥတုအနေ အထားကြောင့်လား ခန့်မှန်းရခက်ပါတယ်။ သေချာတာကဆောင်းခိုဖို့ သက်သက်အနေနဲ့တော့ ဒီနေရာကို မရောက်ရှိလာပါဘူး''ဟု ယင်းဒေသခံက ဆက်လက်ပြောကြားသည်။ စင်ယော်ငှက်များသည် ကမ္ဘာတွင် နေရာအနှံ့အပြား တွေ့ရှိရသော ငှက်အမျိုးအစားဖြစ်ပြီး ယခုအခါ သံလွင်မြစ်အဆုံးပိုင်း ရေချိုရေငန်စပ် ရေပြင်ဧရိယာ(မော်လမြိုင်ကမ်းနားလမ်းရေပြင်)တွင် ကောင်ရေသောင်းကျော် နေထိုင်ကျက်စားလျက်ရှိနေရာ  ကမ်းနားလမ်းတစ်လျောက် လမ်းလျှောက် အပန်းဖြေသူဒေသခံများ အပါအ၀င် ကမ္ဘာလှည့်နိုင်ငံခြားသား ဧည့်သည်များမှ စင်ယော်အစာများကို ကျွေးမွေးကာ အပန်းဖြေကြည်နူး မှုအရသာကို ခံစားလေ့ရှိနေကြကြောင်း သတင်းရရှိသည်။EMG

No comments:

Post a Comment