Sunday, 4 March 2012

အီရန်အရေးကို သံတမန်နည်းလမ်းအရ မဖြေရှင်းနိုင်ပါက အီရန်နျူစက်ရုံများကို ဗုံးကြဲရန် အသင့်ပြင်ထားကြောင်း အမေရိကန် လေတပ်စစ်ဦးစီးချုပ် ပြောကြား




အီရန်နိုင်ငံ၏ နျူလက်နက် ထုတ်လုပ်ရန် ရည်ရွယ်သည်ဟု သံသယရှိခံထားရသော နျူလုပ်ငန်းစဉ်ကို သံတမန်နည်းလမ်းအရ ဖြေရှင်းညှိနှိုင်းနိုင်ခြင်း မရှိပါက အီရန်နျူစက်ရုံများကို ဗုံးကြဲရန်အသင့်ပြင်ထားကြောင်း အမေရိကန်လေတပ် စစ်ဦးစီးချုပ်က ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

လေတပ်စစ်ဦးစီးချုပ် နော်တန်ရှာဝတ်ဇ်က အီရန်၏ မြေအောက် သို့မဟုတ် လျို့ဝှက်သောနေရာတွင် ထားရှိသော နျူစက်ရုံများကို အမေရိကန်၏ ပေါင် ၃၀၀၀၀ လေးသော ဘန်ကာခွင်းဗုံး အပါအ၀င် လက်နက်များဖြင့် ဖျက်ဆီးနိုင်စွမ်း ရှိ မရှိကို အတိအကျ မပြောခဲ့သော်လည်း စစ်လက်နက်များ၏ စွမ်းအားကို ဆက်လက်အဆင့်မြင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။


အီရန်နိုင်ငံရှိ Qom တောင်အနီး မြေအောက်တွင်ထားရှိသော အီရန်နျူစက်ရုံများကို အမေရိကန်၏ လက်နက်များက ထိရောက်စွာ ဖျက်ဆီးနိုင်ခြင်း ရှိ မရှိ မေးခွန်းထုတ်လာကြစဉ်တွင် ရှာဝတ်ဇ်က တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ''အနိမ့်ဆုံးပြောနိုင်တာက ကျွန်တော်တို့မှာ လုပ်နိုင်စွမ်းရှိပြီး လုပ်မကြည့်ရသေးတာမျိုးပါပဲ။ အချိန်နဲ့အမျှ လက်နက်တွေ ဒီထက်ပိုကောင်းအောင် လုပ်ဆောင်နေပါတယ်''ဟု ရှာဝတ်ဇ်က ပြောကြားသည်။

အမေရိကန် စစ်ဦးစီးချုပ်များအဖွဲ့ ဒုတိယဥက္ကဋ္ဌဟောင်း အငြိမ်း စားဗိုလ်ချုပ်ကြီး ဂျိမ်းစ်ကာ့တ်ရိုက်က အီရန်ရှိ နျူစွမ်းအင်စက်ရုံတစ်ခုသည် ဗုံးကြဲသည့် စစ်ဆင်ရေးဖြင့် ဖျက်ဆီးရနိုင်ဖွယ်မရှိကြောင်း ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။ ကာ့တ်ရိုက်သည် အီရန်ရှိ တောင်တစ် ခုအတွင်း တည်ဆောက်ထားသည့် ဖော်ဒိုစက်ရုံကို ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။
Ref: AFP
EMG

No comments:

Post a Comment