Sunday, 25 March 2012

အိန္ဒိယတွင် ရထားနှင့် ဂျစ်ကားတိုက်မိပြီး ကားပေါ်မှ လူ ၁၅ ဦး သေဆုံး




မတ်လ ၂၀ ရက်နေ့က ရထားနှင့် တိုက်မိသောကြောင့် လွင့်စင်ပျက်စီးသွားသည့် ဂျစ်ကားကို ၀ိုင်းအုံကြည့် နေကြစဉ်
အိန္ဒိယတွင် လုံခြုံရေး အဆင့်မြှင့်တင်နိုင်ရန်အတွက် မီးရထားခများ တိုးမြှင့်ကောက်ခံမှုများနှင့် ပတ်သက်၍ နိုင်ငံရေးအရ အငြင်းပွားမှုများ ဖြစ်ပွားနေချိန် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ ရထား မတော်တဆမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရထားသည် ဥတာပရာဒေ့ရှ်ပြည်နယ်တွင်း ခုတ်မောင်းလျက်ရှိစဉ် မဟာမာယနာဂါခရိုင် အတွင်းရှိ စောင့်ကြပ်မည့်သူမရှိသော မီးရထားလမ်းဆုံ၌ လူ ၁၉ ဦးလိုက် ပါလာသည့် သတ်မှတ်အလေးချိန်ထက် ပိုမိုသယ်ဆောင်လာသော ဂျစ် ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ ပြည်နယ်မြို့တော် လက်ခနောင်းနှင့် ၂၉၆ ကီလိုမီတာ (၁၈၅ မိုင်) အကွာတွင် မနက် ၇ နာရီခွဲအချိန်၌ ယင်းမတော်တဆ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရထားနှင့် တိုက်မိစဉ်တွင် ဂျစ်ကားသည် ပေ ၂၀ (၆ မီတာ) ခန့် လွင့်စင်သွားခဲ့၍ ဂျစ်ကားပေါ်တွင် ပါလာသော လူ ၁၉ ဦးအနက် ၁၅ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ ကျန်လေးဦးမှာ အပြင်းအထန် ဒဏ်ရာများရရှိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ မီးရထားလမ်းဆုံ အများစုတွင် စောင့်ကြပ်မည့်သူမရှိခြင်းနှင့် အခြားလုံခြုံရေး အချက်ပြစနစ်များ အပြည့်အစုံ မရှိခြင်းများ အပါအ၀င် ငွေကြေးထောက်ပံ့မှု လုံလောက်ခြင်းမရှိသည့် မီးရထား ပို့ဆောင်ဆက်သွယ်ရေး၏ လုံခြုံရေး နည်းပါးမှုများကြောင့် မီးရထား မတော်တဆ ဖြစ်မှုနှုန်း မြင့်တက်လျက်ရှိပြီး နှစ်စဉ်လူ ၁၅၀၀၀ ခန့် သေဆုံးနေရသည်။
အိန္ဒိယရထားများကို နေ့စဉ် လူ ၁၈ သန်းက ပုံမှန် အသုံးပြုလျက်ရှိသည်။ ခရီးရှည်သွားလာမှုတွင် လေကြောင်း ပို့ဆောင်ရေးနှင့် ပြိုင်ဆိုင်မှု ပြင်းထန်နေသော်လည်း အဓိကခရီး သွားလာရေး နည်းလမ်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း ဥတာပရာဒေ့ရှ် ပြည်နယ်အတွင်း၌ပင် ကာလကတ္တားနှင့် နယူးဒေလီကို ပြေးဆွဲသော အမြန်ရထား ရထားလမ်းချော်မှုကြောင့် လူ ၆၉ ဦး သေဆုံးခဲ့ရသည်။  အိန္ဒိယ၏ အဆိုးရွားဆုံး ရထား မတော်တဆမှုမှာ ၁၉၈၁ ခုနှစ်က ဘီဟာရ်ပြည်နယ်၌ မီးရထားတစ်စီးသည် မြစ်အတွင်းသို့ ထိုးကျမှုကြောင့် ခန့်မှန်းခြေ လူ ၈၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။  
Ref:AFP
EMG

No comments:

Post a Comment