Friday, 3 February 2012

ဆီးရီးယားအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်ကို ဗီတိုသုံးကာ ကန့်ကွက်မည်ဟု ရုရှားပြောကြား




ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇန်န၀ါရီ ၃၁ ရက်နေ့က ဆီးရီးယားအရေး ဆွေးနွေးနေစဉ်
ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းကို အာရပ်နှင့်အနောက်နိုင်ငံ သံတမန်များက ထောက်ခံကြောင်း ပြောကြားခဲ့သော်လည်း ရုရှားနှင့် တရုတ်ကိုယ်စားလှယ်များက ဆုံးဖြတ်ချက်ကို လက်ခံနိုင်ဖွယ်ရာမရှိကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားကို အရေးယူရန်ဆုံးဖြတ်ချက်သည် လက်ခံနိုင်ဖွယ်ရာမရှိပါက ဗီတိုအာဏာအသုံးပြုကာ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရုရှားက ဖေဖော်ဝါ ရီလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဆီးရီးယားတွင် သွေးထွက်သံယို အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့်သမ္မတအာဆတ် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်မူကြမ်းကို မော်ရိုကိုက အကြံပြုတင်ပြခဲ့ပြီး အနောက်နိုင်ငံများ ကထောက်ခံသော်လည်း ရုရှားက ကန့်ကွက်နေသည်။ ဆီးရီးယားကို အဓိကလက်နက်တင်ပို့ရောင်း  ချနေသည့်ရုရှားက ကုလသမဂ္ဂ ဆုံး ဖြတ်ချက်မူကြမ်းတွင် ဆီးရီးယားကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရန် အရိပ်အမြွက် ထည့်သွင်းထားခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည်။ အစိုးရအနေဖြင့် နိုင်ငံတွင်း ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေခြင်းမရှိဘဲ ငြိမ်းချမ်းစွာစတင်ဆန္ဒပြခဲ့သူများကို ဆက်လက်သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်များက ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အစီရင်ခံတင်ပြခဲ့သည်။

သို့သော်ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံတမန်က ဘက်ရှာဂျာဖရီက မိမိတို့နိုင်ငံတွင်းဖြစ်ပွားနေရသည့် ပြဿနာများမှာ စနစ်တကျ စီစဉ်လုပ်ဆောင်ခဲ့သူများကြောင့်ဖြစ်ကြောင်း၊ အာရပ်အဖွဲ့ချုပ်အနေဖြင့် ဆီးရီးယား ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေခြင်းဖြစ်ပြီး နိုင်ငံတွင်း ရောက်ရှိနေသော လေ့လာသူများ အစီရင်ခံစာများကို မသိကျိုးကျွန်ပြုထားကြောင်း ပြန်လည်ပြောကြားခဲ့သည်။          
Ref:CNN
EMG

No comments:

Post a Comment