Tuesday, 21 February 2012

အမေရိကန်နှင့် တောင်ကိုရီးယား ပင်လယ်ဝါ အတွင်း ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်



အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် မြောက်ကိုရီးယားမှ ရေငုပ်သင်္ဘောများဖြင့် တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို တန်ပြန်ရန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ လာမည့်အပတ်တွင် ပင်လယ်ဝါ အတွင်း စတင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက် အတွင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်မှ Aegis အမျိုးအစား သင်္ဘောနှစ်စီးနှင့် တောင်ကိုရီးယား တစ်စီးအပါအ၀င် စုစုပေါင်းသင်္ဘော အစီး၂၀ နှင့် Lynx ရဟတ်ယာဉ်များ၊ P3-C ရေငုပ်သင်္ဘောဖျက် လေယာဉ်များလည်း ပါဝင်မည်ဖြစ်သည်။
အဆိုပါပူးပေါင်းစစ်ရေး လေ့ကျင့်မှုသည် အကြီးမားဆုံး မဟာမိတ်နိုင်ငံများ အချင်းချင်းပူးပေါင်းကာ ရေငုပ်သင်္ဘောဖျက် စစ်ရေးလေ့ကျင့်ခြင်း ဖြစ်သည်။
၂၀၁၀ ခုနှစ်မတ်လက ပင်လယ်ဝါ ထဲတွင် မြောက်ကိုရီးယားမှ တောင်ကိုရီးယား စစ်သင်္ဘောတစ်စီးအား တော်ပီဒိုဖြင့် ပစ်ခတ်၍ လူပေါင်း ၄၆ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုးလ်ဘက်မှ စွပ်စွဲခဲ့သည်။ ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် တောင်ကိုရီးယားသည် အမေရိကန်နှင့် ပူးပေါင်း၍ ရေငုပ်သင်္ဘောများ ဖျက်စီးရန် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါသည်။
အဆိုပါစွပ်စွဲချက်အား မြောက်ကိုရီးယားမှ ငြင်းဆန်ခဲ့သောလည်း နှစ်နိုင်ငံနယ်စပ်ရှိ ကျွန်းတစ်ကျွန်းအား ယင်းနှစ် နိုဝင်ဘာလတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ တောင်ကိုရီးယား လူလေးဦး သေဆုံးခဲ့ရသည်။ အဓိက စစ်ရေးလေ့ကျင့်ခြင်းသည် ဖေဖော်ရီလ ၂၇ ရက်နေ့တွင် စတင်မည်ဖြစ်ပြီးမတ်လ ၉ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။
Foal Eagle ဟု အမည်ပေးထားသော နှစ်နိုင်ငံ လေတပ်၊ရေတပ်နှင့် ကြည်းတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်းသည် မတ်လ ၁ ရက်နေ့တွင်စတင်၍ ဧပြီလ ၃၀ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည်  စစ်ဖြစ်စေရန် လှုံ့ဆော်မှုများသာ ဖြစ်သည်ဟု မြောက်ကိုရီးယားက ထုတ်ပြန်ထားသည်။
Ref: AFP
EMG

No comments:

Post a Comment