Wednesday, 15 February 2012

အမျိုးသမီးများ သီးသန့် စီးနင်းနိုင်သော ခရီးသည်တင်ယာဉ်လိုင်း စတင်စမ်းသပ်ပြေးဆွဲ




အမျိုးသမီးများ သီးသန့်စီးနင်းနိုင်သော ခရီးသည်တင် ယာဉ်လိုင်း ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ စတင် စမ်းသပ်ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။
စမ်းသပ်ပြေးဆွဲသည့် ကာလ မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ လေးရက်တာကာလ ဖြစ်ပြီး ယင်းကာလအတွင်း စီးနင်းသည့် လူဦးရေပေါ်တွင် မူတည်ကာ ရေရှည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ပြေးဆွဲသော ယာဉ်လိုင်းများမှာ အဓိပတိအပြာ၊ အနီ၊ အ၀ါ၊ ၁၇၆၊ ၁၇၇ ယာဉ်လိုင်းငါးလိုင်းတို့ ဖြစ်ပြီး တစ်လိုင်းလျှင် နှစ်စီးနှုန်းဖြင့် ဆယ်စီးပြေးဆွဲနေကြောင်း၊ ပြေးဆွဲချိန်မှာ နံနက်၇နာရီမှ ၁၀နာရီအထိ တစ်ကြိမ် နှင့် ညနေ ၄နာရီမှ ၇ နာရီအထိ တစ်ကြိမ် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ထိုသို့ အမျိုးသမီးသီးသန့် စီးနင်းနိုင်သည့် ခရီးသည်တင်ယာဉ် လိုင်းပြေးဆွဲရခြင်း ရည်ရွယ်ချက်မှာ အမျိုးသမီးများသီးသန့် သွားလာ နိုင်ရန်နှင့် ၎င်းတို့၏ ကာယိနြေ္ဒကို ကာကွယ်ရန်တို့ဖြစ်ကြောင်း သိရပါသည်။

“အခုလို သီးသန့်ယာဉ်လိုင်း ပြေးဆွဲတာကောင်းပါတယ်။ အခု နောက်ပိုင်းမှာ လိုင်းကားတွေပေါ်မှာ မိန်းကလေးတွေရဲ့ ကာယိနြေ္ဒပျက်ပြားအောင် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ဆောင်နေတဲ့ အမျိုးသား တွေအကြောင်း မကြာခဏကြား ကြားနေရတယ်။ ပိုဆိုးတာက မသိ နားမလည်တဲ့ မိန်းကလေးအရွယ် တွေကိုပါ ဦးတည် ကျူးလွန်လာကြတာကို ကြားရတယ်။ ဒါကြောင့် အခုလို သီးသန့်ယာဉ်လိုင်း ပြေးဆွဲလာ တယ်လို့ ထင်ပါတယ်။ စမ်းသပ်တာဆိုတော့ အဲဒီကားစီးရဖို့တောင် မလွယ်ဘူး။ အမြဲပြေးဆွဲပေးနိုင်ရင် ပိုကောင်းနိုင်ပါတယ်။ ဒီလိုမပြေးဆွဲ ပေးနိုင်သေးတဲ့ လိုင်းတွေလည်း ရှိနေသေးတော့ ကျူးလွန်ခံရသူတွေက လည်း သက်ဆိုင်ရာကို ချက်ချင်း အကြောင်းကြားသင့်သလို သက်ဆိုင်ရာကလည်း ဥပဒေနဲ့အညီ ထိထိ ရောက်ရောက် အရေးယူစေချင်ပါတယ်”ဟု နေ့စဉ်ခရီးသည်တင် ယာဉ်စီးနင်းနေသူ အမျိုးသမီးငယ်တစ်ဦး က ဆိုပါသည်။
“မိန်းကလေးတစ်ဦးရဲ့ ကာယိနြေ္ဒ ပျက်စီးစေဖို့ လက်ရောက်တာ၊ ပြစ်မှုမကင်းတဲ့ အနိုင်အထက်ပြုတာ တွေက ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်ပါတယ်။ ဒါ့အပြင်မိန်းမတွေရဲ့ ကာယိနြေ္ဒကို စော်ကားဖို့ရည်ရွယ်တဲ့ စကားပြောတာ၊ ကိုယ်အမူအရာ ပြတာတွေလုပ်လို့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်တစ်နှစ် အထိဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ် ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်လို့ရပါတယ်”ဟု အထက်တန်းရှေ့နေတစ်ဦးက ဆိုပါသည်။
EMG

No comments:

Post a Comment