Sunday, 19 February 2012

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို စီးပွားရေး လုပ်ကွက်တစ်ခု အဖြစ်သာ မမြင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား




7215
Southern People Weekly မဂ္ဂဇင်း မျက်နှာဖုံးအား တွေ့ရစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တရုတ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို တရုတ်ကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ရန် နေရာတစ်ခု အဖြစ်သာ မမြင်ရန် တရုတ်နိုင်ငံ Guangdong အခြေစိုက် Southern People Weekly မဂ္ဂဇင်း နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“တရုတ်ပြည်သူတွေ အနေနဲ့ ကျွန်မတို့ကို ပိုပြီးနားလည်မှု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်တဲ့အခါမှာ နှစ်နိုင်ငံပြည်သူတွေရဲ့ အနာဂတ် ဆက်ဆံရေးကို ထည့်တွက် စဉ်းစားမယ် ဆိုတာကိုလည်း မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့နှင့်ပါ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် အားထုတ်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသောကြောင့် အမေရိကန် အပါအ၀င် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ နှင့် ဆက်ဆံရေးများ တိုးတက်လာရုံ သာမက အဆိုပါနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကိုလည်း တစ်ဆင့် ပြီးတစ်ဆင့် လျှော့ချပေးလျက် ရှိနေသည်။
မြန်မာနိုင်ငံသည် အဆိုပါ အရေးယူပိတ်ဆို့မှုများကြောင့် တရုတ် နိုင်ငံအပေါ် နိုင်ငံရေးနှင့်စီးပွားရေး အရ မှီခိုခဲ့ရမှုများရှိခဲ့သည်။
EMG

No comments:

Post a Comment