Sunday, 5 February 2012

အာဏာပိုင်တို့ကို ဆန္ဒပြခဲ့သည့် တရုတ်ရွာတစ်ရွာတွင် ပထမဆုံးအကြိမ် ဒီမိုကရေစီ နည်းကျမဲပေးခွင့်ရ




w7194 ဖေဖော်ဝါရီလ ၁ ရက်နေ့ ၀ူကန်ကျေးရွာတွင် ကျေးရွာကော်မတီ ရွေးကောက်ပွဲ ပြုလုပ်နေစဉ်
ပြီးခဲ့သောနှစ်တွင် ဒေသ အာဏာပိုင်များကို ဆန္ဒပြခဲ့သော တရုတ် ရှိ ရွာတစ်ရွာတွင် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ လွတ်လပ်သော ရွေးကောက်ပွဲတစ်ရပ်ကို ဖေဖော်ဝါ ရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်းရှိ ချမ်းသာ ကြွယ်ဝသူများသော ကွမ်တုံပြည်နယ်ရှိ ၀ူကန်ရွာမှ ဒေသခံများသည် မြေသိမ်းခံရမှု၊ ခြစားမှုကိစ္စတို့နှင့်ပတ်သက်၍ ဒေသအာဏာပိုင်တို့ကို ပြီးခဲ့သော ဒီဇင်ဘာလက သီတင်းပတ်တစ်ပတ်ကျော်ကြာ ဆန္ဒပြခဲ့ပြီး လွတ်လပ်သော ရွာကော်မတီ ရွေးကောက်ပွဲ ပြုလုပ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

တစ်ပါတီစနစ် ကျင့်သုံးသော တရုတ်တွင် ထိပ်ပိုင်းခေါင်းဆောင်များကို ပြည်သူများက ရွေးချယ်ခွင့် မရှိဘဲ ရွာများတွင်လည်း ရွာသားများကို ကိုယ်စားပြုမည့် ကော်မတီကိုသာ မဲပေးရွေးချယ်ခွင့်ရှိသည်။
သို့ရာတွင် ၀ူကန်ရွာသားများမှာမူ ကျေးရွာကော်မတီကိုပင် ကိုယ်တိုင်ရွေးခွင့်မရှိခဲ့ဖူးကြောင်း၊ လွတ်လပ်ပွင့်လင်းစွာ မဲပေးခွင့်မရရှိခဲ့ဖူးကြောင်း၊ ကြိုတင်ရွေးချယ်ထားပြီး ဖြစ်သော ရွာကော်မတီအဖွဲ့ဝင်များ ကိုသာ လက်ခံနေရကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
ပြီးခဲ့သော ဒီဇင်ဘာလတွင် ၀ူကန်ရွာရှိ ကွန်မြူနစ်ခေါင်းဆောင် Xue Jinbo သည် ထိန်းသိမ်းခံထား ရစဉ် ရိုက်နှက်ခံရပြီး သေဆုံးခဲ့သဖြင့် လာဘ်စားပြီး မြေသိမ်းနေသော ရွာ ကော်မတီခေါင်းဆောင်များ အပေါ် ယခင်ကတည်းက အမြင်မကြည်ဖြစ်နေသော ရွာသားများသည် ဆန္ဒပြခဲ့ကြပြီး ရဲများ၊ အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့သည်။
ယင်းဆန္ဒပြမှုမှာ အာရုံစိုက်ခြင်း ခံရပြီး ကွမ်တုံပြည်နယ် အစိုးရကိုယ်တိုင် နောက်ဆုံးတွင် ရွာသားများ ကိုယ်စား ၀င်ရောက် ဖြေရှင်းပေးခဲ့ရသည်။ ခြစားမှုများကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ရွာသားများ၏ လုပ်ဆောင်ချက်မှာ လက်သင့်ခံစရာကောင်းပြီး ကြိုတင် ရွေးချယ်ထားသော ရွာကော်မတီ ခေါင်းဆောင်များမှာ တရားမ၀င်ကြောင်း ပြည်နယ်အစိုးရက ဆုံးဖြတ်ချက်ချခဲ့သည်။
Ref: AFP
EMG

No comments:

Post a Comment