Thursday, 9 February 2012

ဖိလစ်ပိုင်တွင် ငလျင်လှုပ်မှုကြောင့် လူ ၅၀ ခန့် သေဆုံး



ဖိလစ်ပိုင်နိုင်ငံရှိ Negros Oriential နှင့် စီဘူးပြည်နယ်တို့တွင် ဖေဖော်ဝါရီ  ၆ ရက်နေ့က ပြင်းအား ၆ ဒသမ ၉ ပမာဏရှိ ငလျင်လှုပ်ခဲ့မှုကြောင့် လူ ၅၂ ဦးထက်မနည်း သေဆုံးမှုဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ငလျင်ကြောင့် မြေပြိုမှုများနှင့် အဝေးပြေးလမ်းမ များတွင်ကြီးမားသည့် အက်ကွဲကြောင်းများဖြစ်ပေါ်ပြီး အဆောက်အအုံများ ပြင်းပြင်းထန်ထန် လှုပ်ယမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ငလျင်ကြောင့်တံတား ခုနစ်စင်း တွင် ဖြတ်သန်းသွားလာ မရတော့သည့် အခြေအနေဖြစ်ပွားခဲ့ပြီး သုံးထပ်အဆောက်အအုံတစ်ခု ပြိုကျခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Negros Oriental  ပြည်နယ်ရှိ ကျေးရွာများတွင် မြေပြိုမှုများကြောင့် လူ ၂၉ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ အခြားကျေးရွာများတွင်လည်း အသေအပျောက်နှုန်း ပိုများနိုင်ကြောင်းနှင့် Guihulngan ရှိ လမ်းမပေါ်တွင် သေဆုံးသူ ၁၀ ဦးရှိခဲ့ကြောင်း မြို့တော်ဝန် အာနက်စ်တို ရေးအက်စ်က ပြောကြားခဲ့သည်။
ငလျင်ကြောင့် Guihulngan မြို့မှ ထိခိုက်ဒဏ်ရာရရှိသည့် လူ ၁၀၀ ကျော်ကို ရိုင်ဆေးရုံနှင့် အနီးအနားရှိ ဆေးရုံများတွင် ကုသပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများ သည်ပြိုကျနေသည့် အိမ်များအောက်တွင် ပိတ်မိနေသည့်သူဒါဇင်များစွာ ကိုကယ်ဆယ်ရန် မြေသယ်စက်များဖြင့် တူးဖော်ခဲ့ရသည်။ ငလျင်သည် Negros Oriential ရှိ တာရာဆန်မြို့ အနောက်မြောက် ၅ ကီလိုမီတာ အကွာတွင် လှုပ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား ၆ ဒသမ ၇ ရှိကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က တိုင်းတာခဲ့သည်။ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်ဆီးဆုံးရှုံးခဲ့ မှုများအတွက် နေရာပြန်လည်ချထားပေးရန် အမျိုးသားဘေးအန္တရာယ်လျော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီကို သမ္မတဘင်နစ်နိုအကွီနိုက ညွှန်ကြားခဲ့ကြောင်း သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် အဒ်ဝင်လာစီဒါက ပြောကြားခဲ့သည်။
ငလျင်ဖြစ်ပွားပြီးနောက်တွင် မီးတောင်နှင့် ငလျင်လေ့လာရေးအဖွဲ့က ဆူနာမီသတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
Ref:Philippine Daily Inquirer
EMG

No comments:

Post a Comment