News And Library
Fresh News And Some Knowledge For You
Thursday, 23 February 2012
ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအတွက် ဖွံ့ဖြိုးတိုးတက်မှု အကျိုးအမြတ်များ ဖြစ်လာနိုင်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်က ပြောကြားခဲ့
MYANMAR-ASEAN CHAIR 2014 တံဆပ်ရိုက်နှိပ်ထားသော တီရှပ်အား အမှတ်တရလက်ဆောင်အဖြစ် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်က ဒေါ်အောင်ဆန်းစုကြည်သို့ ပေးအပ်နေစဉ်။
ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအတွက် ဖွံ့ဖြိုးတိုးတက်မှု အကျိုးအမြတ်များ ဖြစ်ပေါ်လာနိုင်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်က
ဖေဖော်ဝါရီလ
၂၂ ရက်နေ့တွင် သတင်းထောက်များ ကို ပြောကြားခဲ့ပါသည်။ အဆိုပါ ပြောကြားချက်မှာ ဖေ ဖော်ဝါရီလ ၂၂ရက်နေ့က ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီးနောက် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့သော မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
''ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုမှာ လွှတ်တော်တွင်းကို ဒေါ်အောင်ဆန်းစုကြည်ရောက်သွားတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတာတွေကို ပြောခဲ့ပါတယ်''ဟု ဒေါက်တာဆူရင်က ဆက်လက်ပြောကြားခဲ့ပါသည်။
ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီးနောက် အဆိုပါဆွေးနွေးမှုအပြီးတွင် သတင်းထောက်များနှင့် ဆက်လက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုသို့တွေ့ဆုံခဲ့ရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည့် အကြောင်းအရာများကိုလည်း သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ ''ကြားဖြတ်ရွေးကောက်ပွဲအတွက် လေ့လာစောင့်ကြည့်သူတွေ လာရောက်ခွင့်ပေးဖို့ ကိစ္စကို အလေးအနက်ထားစဉ်းစားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။ ဘယ်အချိန်မှာ လာရောက်ခွင့်ပြုမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ မသိရသေးပါဘူး''ဟု ဒေါက်တာဆူရင်က ပြောပါသည်။
သူ့အနေဖြင့်မူ ပွင့်လင်းမြင်သာမှု၊ တရားမျတမှုနှင့် လွတ်လပ်မှုရှိပြီး အာမခံချက်အပြည့်အ၀ရှိသော ရွေးကောက်ပွဲဖြစ်စေလိုကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလ၌ သာမက ဒီမိုကရေစီသွားရာ လမ်းတစ်လျှောက်တွင် ပါတီအားလုံးတန်းတူညီမျှ အခွင့်အရေးရရှိစေလိုကြောင်း၊ အထူးသဖြင့် နိုင်ငံတကာမှ လိုလားနေသော အာမခံချက်များဖြစ်ပေါ်စေရန် ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း၊ မြန်မာအစိုးရ၏ လုပ်ဆောင်မှုများသည် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့်ရမည့် အာဆီယံဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်းကို ပြသရမည် ဖြစ်ကြောင်းနှင့် လိုအပ်သော အကူအညီများကို အာဆီယံက တုံ့ပြန်ကူ ညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အစရှိသည်တို့ကို နေပြည်တော်မှ တာဝန်ရှိသူများအား ပြောကြားခဲ့သည်ဟု ဒေါက်တာဆူရင်က ပြောဆိုခဲ့ပါသည်။
တွေ့ဆုံမှုအပြီး ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့ အာဆီယံနိုင်ငံများမှ သတင်းထောက်အများအပြား တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သို့ မေးခွန်းမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါမေးခွန်းများကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ရာတွင် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့ရုပ်သိမ်းရေးကိစ္စမှာ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှသာ ဖြစ်လာနိုင်မည်ဟု ထင်မြင်ကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများတွင် တပ်မတော်ပါဝင်ရန် လိုအပ်ကြောင်းနှင့် လိုလာကြောင်း၊ ပြည်ပသို့ ခရီးထွက်ဖြစ်မည်ဆိုပါက ပထမဆုံးသွားလိုသည့် နိုင်ငံမှာ နော်ဝေနိုင်ငံဖြစ်ပြီး နော်ဝေနိုင်ငံမှာ မိမိတို့ဖြတ်သန်းခဲ့ရသော အခက်အခဲဆုံး ကာလမှာပင် မိမိတို့ကိုမမေ့ခဲ့သည့်အတွက် သွားရောက်လိုခြင်းဖြစ်ကြောင်း အစရှိသည်တို့ကို ဖြေကြားခဲ့ပါသည်။
ဒေါက်တာဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာ၏အမြင်များအပါအ၀င် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment