Sunday, 26 February 2012

တိုင်ရီဖိနပ်စက်ရုံရှိ အလုပ်သမား ၁၃၁၁ ဦးက ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ အလုပ်သမားအခွင့်အရေးများအား တင်ပြတောင်းဆို




လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား ၁၃၁၁ ဦးသည် စက်ရုံမှပေးအပ်သည့် လုပ်ခလစာများနှင့်ပတ်သက်သည့် အလုပ်သမားအခွင့်အရေးများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လှိုင်သာယာမြို့နယ် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြတောင်းဆို လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
'' ခုံရုံးတင်ပြဖို့အတွက် အလုပ်သမား ၁၃၁၁ဦးကိုယ်စားပြု အလုပ်သမားကိုယ်စားလှယ် ၄၅ ဦးကို ဒီနေ့မနက်ပဲ ရွေးချယ်ခဲ့ပါတယ်။ အခု မွန်းလွဲ ၃ နာရီမှာတော့ မြို့နယ် ၀ါဏိဇ္ဇပဋိပက္ခကော်မတီကိုသွားပါ မယ်။ ဒီကနေ ညွှန်ကြားချက်ရတာနဲ့ ညနေဘက်မှာတော့ ရှေ့နေကိုဖိုးဖြူနဲ့ အလုပ်သမားကိုယ်စားလှယ်တချို့ နေပြည်တော်မှာရှိတဲ့ ၀ါဏိဇ္ဇပဋိပက္ခကို သွားပါမယ်'' ဟု အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုကျော်မျိုးလှိုင်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တိုင်ရီဖိနပ်စက်ရုံရှေ့တွင် တွေ့ဆုံစဉ်က ပြောကြားခဲ့ပါသည်။

ယင်းနေ့နံနက် ၉ နာရီဝန်းကျင်ခန့်တွင် စက်ရုံမှတာဝန်ရှိသူ တချို့နှင့် အလုပ်သမားကိုယ်စားလှယ်များ၊ ရှေ့နေများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး လက်ရှိပေးအပ်နေသည့် တစ်လရက်မှန်ကြေး ကျပ် ၆၀၀၀ ပေါ်တွင် အလုပ်သမားများ တောင်းဆိုခဲ့သည့် ကျပ် ၈၀၀၀ အစား ကျပ် ၇၀၀၀ သို့ တိုးမြှင့်ပေးခဲ့ကြောင်း၊ ယင်းကျပ် ၇၀၀၀ ဖြင့် ကျေနပ်သူ အလုပ်သမား ၄၅ ယောက်နှင့် ကြီးကြပ်သူ အလုပ်သမားတစ်ဦး၊ပေါင်း ၄၆ ဦးတို့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
''ရက်မှန်ကြေးကျပ် ၁၀၀၀ တိုးတယ်ဆိုပေမယ့် အိုတီကြေးနဲ့ တာဝန်ကြေကြေးကို ဖြုတ်ပစ်လိုက်ပါတယ်။ ပြန်တွက်ရင် တိုးတဲ့နှုန်းနဲ့ လျော့လိုက်တဲ့နှုန်းက ဘာမှမထူးပါဘူး။ ဒါကြောင့် ကျန်တဲ့အလုပ်သမားတွေက လုပ်ငန်းခွင်ထဲ ပြန်မ၀င်ရောက်သေးတာ ဖြစ်ပါတယ်'' ဟု အလုပ်သမား ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မမိုးဝေက ပြောပြခဲ့ သည်။  တိုင်ရီစက်ရုံ၌ အလုပ်သမား စုစုပေါင်း ၁၈၆၃ ဦးရှိပြီး ယင်းတို့ထဲမှ လုပ်ငန်းခွင်ပြန်ဝင်သည့် အလုပ်သမားဦးရေမှာ ၁၀၀ ၀န်းကျင်သာ ရှိနေကြောင်း၊ ကော်မတီခုံရုံးသို့ တင်ပြမည့်အလုပ်သမားဦးရေ ၁၃၁၁ ဦးရှိပြီး ကျန်အလုပ်သမားများမှ လုပ်ငန်းခွင်ပြင်ပ၌ပင် ဆက်လက်ကျန်ရှိနေကြောင်း သိရသည်။
EMG

No comments:

Post a Comment