Sunday, 15 January 2012

နှစ် ၆၀ ကျော်အတွင်း KNU နှင့် ငြိမ်းချမ်းရေး ပဏာမသဘောတူညီချက် ငါးချက်လက်မှတ်ရေးထိုး

7164a
နှစ်ပေါင်း ၆၀ ကျော်အတွင်း ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်  ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့၏ ပဏာမ သဘောတူညီချက် ငါးချက်ကို ဇန်န၀ါရီလ ၁၂ ရက် နေ့က ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ဟိုတယ်လက်မှတ်ရေးထိုး ခဲ့ကြသည်။
ထို့အပြင် ပြည်ထောင်စုအဆင့်  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆက်လက် ဆွေးနွေးရန်မူအားဖြင့် သဘောတူ ညီသည့်အချက် ၁၁ချက်အားလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

“ကျွန်တော်တို့ ညီအစ်ကိုတွေ တစ်ဖက်နှင့်တစ်ဖက် ရန်ဖြစ်နေခဲ့ကြတာ ၆၃ နှစ်တောင်ရှိပြီလို့ သမ္မတကြီးက ပြောပါတယ်။ KNU လိုချင်တာ ပေးလိုက်ပါလို့ ကျွန်တော်တို့ကို သမ္မတကြီးက ကျွန်တော်တို့ကို ပြောခဲ့ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အစည်းအဝေးမတိုင်မီတွင် ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

ပဏာမအဆင့် သဘောတူ လက်မှတ်ရေးထိုးပြီဖြစ်၍ နှစ်ဖက် နားလည်မှု တည်ဆောက်နေချိန်တွင် ဆက်စပ်လျက်ရှိသည့် မိမိတပ် စခန်းများနှင့် လှုပ်ရှားစစ်ကြောင်း အသီးသီးတို့ အနေဖြင့် ပစ်ခတ်တိုက် ခိုက်မှုများရပ်ဆိုင်းထားရန်
“ကျွန်တော်တို့ကို လက်နက်စွန့်လွှတ်ဖို့ ဒီတစ်ကြိမ်မှာ သူတို့က မတောင်းဆိုပါဘူး။ တိုင်းရင်းသား လူမျိုးစုတွေအတွက် တန်းတူအခွင့် အရေးရရှိဖို့ သူတို့ဆောင်ရွက်ချင် ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာ ကျွန်တော်တို့ သူတို့ကိုယုံကြည်ပါတယ်”ဟု ဆွေးနွေးမှုနှင့် ပတ်သက် ပြီး KNU ဗိုလ်မှူးချုပ် စောဂျော်နီက အစည်းအဝေး မတိုင်ခင် ပြောကြား ခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
ပဏာမ သဘောတူညီချက်ငါးချက်မှာ (က)နှစ်ဦးနှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်ကိစ္စ။ (ခ)ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်း ပေးရန်နှင့် ဆွေးနွေးမည့်နေ့ရက်၊ အချိန် နှင့် နေရာတို့ကို ညှိနှိုင်းသတ်မှတ်ခြင်းအား ၄၅ ရက်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်။ (ဂ) သတ်မှတ်နေရာမှအပ အခြားဒေသ သို့ လက်နက်ဖြင့် သွားလာခြင်းမပြု ရန်ကိစ္စ။ (ဃ)နှစ်ဖက် သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန်ကိစ္စ။ (င)ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူ သည့် သင့်တော်ရာနေရာ(လက်နက်မပါ)ထားရှိရန် ကိစ္စတို့ ဖြစ်ကြကြောင်း သိရသည်။
7164 ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးရန် မူအားဖြင့် သဘောတူညီသည့် အချက် ၁၁ ချက်မှာ (က)တစ် ပြည်လုံးအတိုင်းအတာအားဖြင့် အ ပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများအား ရပ်စဲပေးရန်။  (ခ) ကြောက်ရွံ့ခြင်း ကင်းသည့် ပြည် သူပြည်သားများအဖြစ် ဘ၀ရပ်တည်နိုင်ရေး အာမခံရန်။ (ဂ) ပြည်သူပြည်သားများ အတွင်း ယုံကြည်မှု ရရှိသည့် အခြေအနေတည်ဆောက် ရန်။ (ဃ)အခြေခံ ပြည်သူ့ဝန်ဆောင် မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့်အတိုင်ပင်ခံပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အထောက်အကူပေးရန်။ (င) နိုင်ငံတော် သတင်းမီဒီယာများအား ငြိမ်းချမ်းရေးလမ်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်စေရန်နှင့် အခြားသတင်း မီဒီယာများအား တိကျသောငြိမ်းချမ်းရေးဆိုင်ရာ သတင်းအချက်အလက်များ ရယူခွင့်ပြုရန်။ (စ)အတင်း အဓမ္မလုပ်အားခိုင်းစေခြင်း၊ ပုံစံ မျိုးစုံဖြင့် ငွေကြေးတောင်းခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း၊ အခြားသော နည်းလမ်းဖြင့် ငွေကြေးကူညီစေခြင်း များမပြုလုပ်ရန်။ (ဆ)အကျဉ်းသား များလွှတ်ပေးရန်၊ ပြည်သူပြည်သားများအား ဘ၀ပြန်လည်ထူထောင်ရေးနှင့် ပြည်သူပြည်သားများ၏ မြေယာကိစ္စများအား ဖြေရှင်းပေးရန်။ (ဇ) နှစ်ဖက်စလုံး ငြိမ်းချမ်းရေးပြောဆိုမှု များနှင့် နည်းလမ်းများအား အကျိုးဆောင်ပံ့ပိုးကြရန်။ (ဈ) စေ့စပ်ညှိနှိုင်းမှု စားပွဲဝိုင်းတွင်ပါဝင်သည့်ကိုယ်စား လှယ်များ တရားဝင်မှုရှိစေရန်၊ သက်ဆိုင်သည့် နယ်မြေများရှိ ပြည်သူများနှင့် လုံလောက်သည့် ညှိနှိုင်း တိုင်ပင်မှုပြုချိန်ရရှိရန်နှင့် ဖြစ်စဉ်အား ပြင်ပမှကူညီပံ့ပိုးသူများအကြား ရှင်း လင်းသည့် အခန်းကဏ္ဍများထားရှိ ရန်။ (ည) ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် စောင့်ကြည့်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ် မှန်ကန်အောင် အစီအစဉ်လုပ်ဆောင်မှုများ စတင်ရန်။ (ဋ)နှစ်ဖက်လုံးမှ တည်မြဲသည့် ငြိမ်းချမ်းရေးသို့ ရှေးရှုသည့် လုပ်ဆောင်မှုများ တိုးတက်ဖြစ်ပေါ်စေနိုင်ရန် အာမခံမှုရှိ သည့်၊ ပျော့ပြောင်းညင်သာသည့် လုပ်ငန်းစဉ်များထားရှိရန်၊ နှစ်ဘက် စလုံးအပေါ် သတိမဲ့ခွင့်ပြုလိုက် လျောသည့်၊ လိုသလိုအနက်အဓိပ္ပာယ် ကောက်ယူနိုင်သော ဝေါဟာရအသုံးအနှုန်းများ မပါရှိစေရေးကို လုပ်ကိုင်ရန်တို့ဖြစ်ကြကြောင်း သိရသည်။
အဆိုပါ သဘောတူညီမှု လက်မှတ်ရေးထိုးပွဲသို့ ပြည်ထောင်စုအဆင့်  ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ရ ထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ စက် မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ကရင်ပြည် နယ်ဝန်ကြီးချုပ်ဦးဇော်မင်း၊ တာဝန်ရှိ သူများ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့မှ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နှင့်ပဒိုစောဒေးဗစ်ထော၊ ဗိုလ်မှူးချုပ် စောဂျော်နီနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ဤကဲ့သို့ ပဏာမအဆင့် သဘောတူ လက်မှတ်ရေးထိုးပြီဖြစ်၍ နှစ်ဖက်နားလည်မှုတည်ဆောက်နေ ချိန်တွင် ဆက်စပ်လျက်ရှိသည့် မိမိ တပ်စခန်းများနှင့် လှုပ်ရှားစစ်ကြောင်း အသီးသီးတို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားရန် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်အား နိုင်ငံတော်သမ္မတရုံးမှ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)သို့ ဇန်န၀ါရီလ ၁၃ ရက်နေ့ရက်စွဲဖြင့် ပေးပို့ထားကြောင်း   ဇန်န၀ါရီလ၁၄ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ သမိုင်းအကျဉ်း
-         ကရင်အမျိုးသားအစည်းအရုံး (Karen National Union-KNU) ၏ လက်နက်ကိုင် တပ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဖြစ်သည်။ KNLA သည် ယခင်က KNDO (Karen National Defense Organization) ကို ပြောင်းလဲဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။
-         ကရင် အမျိုးသားညီလာခံတွင် တောင်းဆိုခဲ့သည့် အချက်များကို ဒေါင်းနင်းလမ်းမှ အကြောင်း ပြန်ခြင်း မပြုခဲ့။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို သပိတ်မှောက်။ အဖွဲ့အတွင်း ရွေးကောက် ပွဲဝင်လိုသူနှင့် မ၀င်လိုသူများ သဘောထားကွဲခဲ့။
-         ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၆ရက်နေ့တွင် KNDO (ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်) ကို ဖွဲ့စည်း။ စစ်ဦးစီးချုပ်အဖြစ် မန်းဘဇံမှ တာဝန်ယူခဲ့။
-         ၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၁ရက်နေ့တွင် ရန်ကုန်ခ၀ဲခြံရှိ KNDO  တပ်များကို ဖဆပလအစိုးရ ၏ လက်နက်ကိုင်တပ် စစ်ရဲတပ်ရင်း ၂၁က ၀င်ရောက်တိုက်ခိုက်ရာမှ ပထမဆုံးတိုက်ပွဲ စတင်ခဲ့။
-         ၁၉၆၉ခုနှစ်တွင် တပ်မတော်မှ ဖြတ်လေးဖြတ်ဖြင့် မြစ်ဝကျွန်းပေါ်သို့ စစ်ဆင်ရေးပြုလုပ်။  မြောင်းမြနှင့် ၀ါးခယ်မဘက်သို့ ကရင်တပ်များပြောင်းရွှေ့။ အရှေ့တိုင်းပဲခူးရိုးမရှိ ဗိုလ်ချုပ်စောဘိုမြ၊  ဗိုလ်ချုပ်ရွှေဆိုင်း၊ ဗိုလ်မှူးကြီး ကစယ်ဒိုနှင့် ဖဒိုသာပြည့်တို့ KNUP  မှ ခွဲထွက်။ KNUP  အား  အလုပ်သမားပါတီအဖြစ် ထူထောင်လိုသူ ဗိုလ်ချုပ်စောကျော်မြသန်းနှင့် အမျိုးသားရေး ပါတီအဖြစ် ရပ်တည်လိုသော မန်းဘဇံတို့ အကြား သဘောတရားရေး ငြင်းခုန်မှုများ ဖြစ်ပေါ်။ မန်းဘဇံနှင့်အခြား ခေါင်းဆောင်များက KNUP မှ ခွဲထွက်မည် ဖြစ်သကဲ့သို့ ဗိုလ်ချုပ်စောဘိုမြကလည်း သူဦးဆောင်ဖွဲ့ စည်းထားသည့် KNLC ကို ဖျက်သိမ်း။ ထို့နောက် ကရင်အမျိုးသား ညီညွတ်ရေးတပ်ဦး KNUF ဖွဲ့စည်းရန်သဘောတူညီခဲ့။ KNUP ကိုပါ ထပ်မံဖျက်သိမ်းခဲ့ပြီး KNU ကရင့်အမျိုးသား အစည်းအရုံးဟု ပြောင်းလဲခဲ့။
-         တပ်မတော်မှ ရွှေလင်းယုန်စစ်ဆင်ရေး၊ မိုးဟိန်းစစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသ သို့ ထိုးစစ်ပြုလုပ်လာသည့်အတွက် KNU အဖွဲ့ မြစ်ဝကျွန်းပေါ်ဒေသမှ ဆုတ်ခွာရန်ဆုံးဖြတ်ခဲ့ပြီး ပဲခူးရိုးမသို့ ပြောင်းရွှေ့။
-         ၁၉၇၅ခုနှစ်တွင် ပဲခူးရိုးမမှ ဖာပွန်ခရိုင်သို့ KNU တပ်များဆုတ်ခွာ။ ၁၉၉၁ခုနှစ်တွင် KNU ၏ ၁၁ကြိမ်မြောက် ကွန်ဂရက်ကို မာနယ်ပလောပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ကျော်သောင်းကို KNDO  ၏ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်။
-         ၁၉၉၅ခုနှစ်တွင် ၀မ်းခစခန်းကျဆုံးခဲ့ပြီး ဒူးပလာယာခရိုင်သို့ ပြောင်းရွှေ့။
-         ၁၉၉၅ခုနှစ်တွင်ပင် KNU ၏ မာနယ်ပလော ဌာနချုပ်ကို လက်လွှတ်ခဲ့ရပြီးနောက် အင်အား နည်းလာ။
-         ၁၉၉၅ခုနှစ် ဇန်န၀ါရီလတွင် တိုးတက်သော  ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA) အဖွဲ့ က KNU မှ ခွဲထွက်ပြီး တပ်မတော်နှင့် ပူးပေါင်းခဲ့။
-         ၂၀၀၄ခုနှစ် ၁၅ရက်နေ့တွင် ဗိုလ်ချုပ်ကြီး စောဘိုမြ ဦးဆောင်သော KNU အဖွဲ့ဝင် ၂၀ဦး  ရန်ကုန်မြို့သို့ ရောက်ရှိခဲ့။ ထိုစဉ်က နိုင်ငံတော် ၀န်ကြီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့။
-         ၂၀၀၆ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ဗိုလ်ချုပ်ကြီး စောဘိုမြကွယ်လွန်။
-         ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့်အဖွဲ့  KNU တပ်မဟာ ၇မှ ခွဲထွက်လိုက်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေးရယူခဲ့၊ ထိုနောက် KNU-KNLA  ငြိမ်းချမ်းရေးကောင်စီကို ဖွဲ့စည်း။
-         ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် KNU ၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံ မဲဆောက်ရှိ နေအိမ်သေနတ်ဖြင့်လုပ်ကြံခံရ။
-         ၂၀၀၉ခုနှစ် ဇွန်လ ၂၁ရက်နေ့တွင် KNU ၏အဓိကကျသော တပ်မဟာ ၇ကို တပ်မတော်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA)တို့၏ ပူးပေါင်းတပ်များက သိမ်းယူခဲ့။
By EMG

No comments:

Post a Comment