ယခင်နှစ်က မြင်တွေ့ရသော သင်္ကြန်ရိုက်ကွင်းတစ်ခု
''အရင်နှစ်တွေတုန်းက ဒီဇင်ဘာလောက်ဆို သင်္ကြန်ဇာတ်ကား ရိုက်ကူးဖို့ကို စပြီးပြင်ဆင်နေပါပြီ။ ဇာတ်လမ်းရှာတာနဲ့၊ သင်္ကြင်္န်ကားဖြစ်တဲ့အတွက် သီချင်းလေးတွေကြိုစုတာနဲ့လုပ်ပြီး ဇန်န၀ါရီလောက်မှာ ရိုက်မှ မတ်လကုန်ပိုင်းလောက်မှာ ဖြန့် နိုင်တာလေ။ အခုက ၂၀၁၀ ပြည့်နှစ်လောက်ကစပြီး သင်္ကြန်ဇာတ်ကားတွေအပေါ် စိတ်ဝင်စားမှုက သိသိသာသာ လျော့ကျသွားတယ်။ လက်ရှိအခြေအနေအရ ဗီဒီယိုဈေးကွက် အနေအထားကလည်း ယိမ်းယိုင်နေ တယ်ဆိုတော့ ဘယ်သူမှ သင်္ကြန်ဇာတ်ကားကို သီးခြားထုတ်ရိုက်ဖို့ကို စိတ်ဝင်စားမှုတော်တော်နည်းသွားတာလို့ ဆိုရပါမယ်။ မနှစ်ကလိုပဲ အနည်းစု တစ်ကား၊ နှစ်ကားလောက်လွဲရင် သင်္ကြန်ကား သီးသန့်ရိုက်ဖို့က မရှိလောက်ပါဘူး။ အခုချိန်မှာ အဲဒီလို ရိုက်မယ်ဆိုလည်း တော်တော်ကြီးကို ပြင်ဆင်ပြီး ကောင်းအောင်ရိုက်မှဖြစ်မှာပါ။ ပြီးစလွယ်ဇာတ်လမ်းမျိုးနဲ့ အရင်နှစ်တွေက သင်္ကြန်မြင်ကွင်းတွေ ဖြတ်ညှပ်ကပ်လုပ်ပြီး ရိုးနေတဲ့သီချင်းဟောင်းတွေသုံးထားတာမျိုးက ပရိ သတ် တော်တော်ငြီးငွေ့သွားပါပြီ။ ဒါကြောင့်လည်း သင်္ကြန်ကားတွေပေါ် စိတ်ပါဝင်စားမှု အရမ်းလျော့သွားတယ်လို့ ဆိုရမှာပါ'' ဟု ၀ါရင့်ဗီဒီယို ထုတ်လုပ်သူတစ်ဦးက ရှင်းပြခဲ့သည်။
ထို့အပြင် ပရိသတ်တစ်ဦးကလည်း ''ဟိုအရင်တုန်းကတော့ သင်္ကြန်နားနီးပြီဆိုရင် သင်္ကြန်ဇာတ်ကားသစ်တွေငှားကြည့်ပြီး ရင်ခုန်ရတာကိုက အရသာတစ်မျိုးပါပဲ။ နာမည်ကြီးမင်းသား မင်းသမီးတွေက မတူကွဲပြားတဲ့ ဇာတ်လမ်းပုံစံလေးတွေ ရိုက်ကြ တာလေ။ အခုနောက်ပိုင်းကတော့ သင်္ကြန်လေးရက်မှာ တွေ့ကြဆုံကြတဲ့ ရိုးအီနေတဲ့ဇာတ်မျိုးကိုပဲ သင်္ကြင်္န်သီချင်းဟောင်းတွေ၊ သင်္ကြန်ကာလမှာ ရိုက်ထားတဲ့ မှတ်တမ်းပုံတွေသုံးပြီး အခွေဖြစ်ရုံလောက် လုပ်ထားကြတာ ဆိုတော့ ငှားကြည့်ဖို့ကို စိတ်မ၀င်စားတော့ပါဘူး''ဟု သူ၏အမြင်ကို ပြောကြားခဲ့ပါသည်။ သင်္ကြန်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးဖြန့်ချိရန်အတွက် ၂၀၁၀ ပြည့်နှစ်ခန့်မှစတင်၍ လျော့နည်းသွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် သင်္ကြန်ကာလတွင်မူ သင်္ကြန်ဇာတ်ကား တစ်ကားမျှ ရိုက်ကူးဖြန့်ချိမှုမရှိခဲ့ကြောင်း သိရှိရသည်။
By EMG
No comments:
Post a Comment