Wednesday, 18 January 2012

တရားဝင်ထုတ်ပြန်မှုမရှိသေးသော်လည်း မြန်မာနိုင်ငံတွင် ကြံမျိုးစိတ်မျိုးသုဉ်းသွားပြီဟုယူဆနိုင်

တရားဝင်ထုတ်ပြန်မှု မရှိသေးသော်လည်း ကြံ့မျိုးစိတ် မျိုးသုဉ်းသွားပြီဟု ယူဆနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ ကြံ့ရှိခဲ့တယ်။ အခုတော့ တရားဝင် မကြေညာသေးပေမယ့် ကြံ့မျိုးစိတ်ပျောက်ကွယ်သွား ပြီလို့ ယူဆနိုင်ပါတယ်”ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင် သစ်တောရေးရာ ၀န်ကြီးဌာန သဘာ၀၀န်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောကြားခဲ့သည်။

ကြံ့မျိုးစိတ်များသည် ထမံသီ တွင် တွေ့ရှိသည်ဟု သိရှိရခြင်းများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အတည်မပြုနိုင်ဘဲ ပျောက်ကွယ်သွားပြီဟုသာ ဆိုနိုင်တော့ကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်များ အတွင်း သားငှက်တိရစ္ဆာန်နှင့် အပင် မျိုးစိတ်များ လျော့နည်းလာခြင်းကို ရင်ဆိုင်နေရပြီး အဓိကအကြောင်း အရင်းများအနက် သစ်တောများ ပြုန်းတီးလာခြင်း၊ လူတို့၏မြေနေရာ ချဲ့ထွင်ခြင်း၊ အမဲလိုက်ခြင်း အလေ့အထများနှင့် သစ်တောထွက်ပစ္စည်းများနှင့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများကို စီးပွားရေးအရ ထုတ်ယူအသုံးပြုမှု များပြားခြင်း စသည်တို့ဖြစ်ကြောင်း သိရှိရသည်။
“ကျား၊ ကြံ့သူတော်တွေလည်း ကောင်ရေလျော့ကျလာတယ်။ နိုင်ငံ အဆင့်မှာ မျိုးသုဉ်းလုနီးပါးအဆင့် ကိုကျရောက်လာပါတယ်”ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန သဘာ၀၀န်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောကြားခဲ့ပါ သည်။
မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် မျိုးစိတ်များ အနေဖြင့် နို့တိုက် သတ္တ၀ါများ ၂၅၁ မျိုး၊ တွားသွားသတ္တ ၀ါ ၂၇၂ မျိုး၊ ကုန်းနေ ရေနေသတ္တ၀ါများ ၈၂ မျိုး၊ ငှက် ၁၀၅၆ မျိုး၊ ပင် လယ်ငါး ၄၆၅ မျိုးတို့ရှိနေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ သစ်တောထွက် ပစ္စည်းများနှင့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများအား တရားမ၀င် တင်ပို့ခြင်းများ ရှိနေရာတွင် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှာ အဓိက ရောက်ရှိရာနိုင်ငံများ ဖြစ်ကြသည်။
By EMG

No comments:

Post a Comment