Thursday, 26 January 2012

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ မိုဘိုင်းဖုန်းဈေးကွက် အနည်းငယ်အေးလာ




မိုဘိုင်းဈေးကွက်တွင် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှစတင်ကာ ဈေးကွက်ရောင်းအားများကျဆင်းလာခဲ့ပြီး ဈေးကွက်အနည်းငယ်အေး
လာခဲ့ကြောင်း ဈေးကွက်ကျွမ်းကျင်သူများ၏ ပြောပြချက်အရ သိရသည်။ ယင်းကဲ့သို့ မိုဘိုင်းဖုန်းဈေးကွက်အေးလာခဲ့ခြင်းမှာ လိုင်းကတ်အသစ်မထွက်ခြင်းနှင့် အသစ်ထွက်လာမည့် တန်ဖိုးနည်းဂျီအက်စ်အမ်ဖုန်းများအား အသုံးပြုသူများ စောင့်စားလျက်ရှိခြင်းကြောင့်ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများမှ သုံးသပ်ပြောပြခဲ့ကြသည်။


မိုဘိုင်းဖုန်းဈေးကွက်အခြေအနေနှင့်ပတ်သက်၍ My Mobile မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပြရာတွင် “အခုမိုဘိုင်းဖုန်းဈေးကွက်က နည်းနည်းအေးသွားပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့နှစ်ကုန်ပိုင်းလောက်မှာ CDMA 800 တွေနဲ့ CDMA 450 လိုင်းတွေ အသစ်ထပ်ပြီးချပေးခဲ့တဲ့အတွက် အဲဒီအချိန်လောက်ထိ ဈေးကွက်ဝယ်လိုအားနဲ့ ရောင်းအားက ကောင်းတယ်လို့ မဆိုနိုင်ရင်တောင် အဆင်ပြေတယ်လို့တော့ပြောရမှာပါပဲ။ လိုင်းအသစ်တွေ အသုံးပြုခွင့်ချထားပေးတာ ရပ်သွားတဲ့အချိန်မှာတော့ မိုဘိုင်းဖုန်းဈေးကွက်ကလည်း အနည်းငယ်အေးသွားပါတယ်။ ခုချိန်မှာဆိုရင် ကျပ်ငါးသိန်းဂျီအက်စ်အမ်ဖုန်းတွေကို ၀ယ်ယူအသုံးပြုနိုင်တယ်ဆိုပေမယ့် အသုံးပြုတဲ့သူတွေက အသစ်ထွက်လာမယ့် တန်ဖိုးနည်းဂျီအက်စ်အမ်ဖုန်း သန်း ၃၀ ကို စောင့်ဆိုင်းနေကြတဲ့အတွက် လိုင်းကတ်အသစ်ဝယ်ယူခြင်းကလည်း အနည်းငယ်အေးသွားပါတယ်လို့ ထင်ပါတယ်” ဟုပြောသည်။ ထို့ပြင် ယုဇနပလာဇာရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်နှစ်ဆိုင်မှ ပြောပြရာတွင်လည်း “ကျွန်တော်တို့ဒီအချိန်မှာ ရောင်းအားနည်းနည်းအေးနေပါတယ်။ ကတ်အသစ်မထွက်တဲ့အတွက် ခုချိန်မှာဝယ်တဲ့သူတွေကလည်း အပေါ်ဖုန်းမော်ဒယ်မြင့်တွေနဲ့ ဖုန်းအသစ်လဲကိုင်တဲ့သူတွေပဲ ၀ယ်ကြတာများပါတယ်။ အဲဒါကြောင့် ဈေးကွက်ဝယ်လိုအားက အရင်ကထက်တော့ နည်းသွားပါတယ်။ ဖုန်းကတ်အသစ်တွေ ထပ်ထွက်လာခဲ့ရင်တော့ ဈေးကွက်ပြန်ပြီး ကောင်းလာနိုင်တယ်လို့ ခန့်မှန်းရတာပါပဲ” ဟုပြောသည်။ ယခုအချိန်တွင် မိုဘိုင်းဖုန်းဈေးကွက်မှာ အနည်းငယ်အေးလျက်ရှိပြီး ယင်းကဲ့သို့ ဈေးကွက်အေးလာခြင်းမှာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းဖြစ်သည့် နိုဝင်ဘာလကုန်ပိုင်း ဒီဇင်ဘာလနှင့် ယခုဇန်န၀ါရီလထိ အချိန် ၂ လခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

ရေးသားသူ - ကိုသက်
အင်တာနက်ဂျာနယ်

No comments:

Post a Comment